မြန်မာ့ လူ့အခွင့်အရေး အခြေအနေပိုဆိုး လာတယ်လို့ AI ပြော

ဓာတ်ပုံ မူပိုင် EPA
Image caption ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးတဲ့ ဒုက္ခသည် ၇ သိန်းနီးပါးရှိတယ်လို့ ကုလသမဂ္ဂပြော

မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးရှင်းလင်းရေး ethnic cleansing ပြုလုပ် နေတာအပါအဝင် လူ့အခွင့်အရေး အခြေအနေတွေ သိသိ သာသာ ဆိုးရွား လာနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ Amnesty International AI က ဝေဖန် ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာရဲ့ ဆောင်ရွက်မှုတွေ ကလည်း ပျော့ညံ့လွန်းတယ်လို့ AI ကထုတ်ပြန်တဲ့ ၂၀၁၇-၂၀၁၈ အတွက် ကမ္ဘာ့နိုင်ငံများရဲ့ လူ့အခွင့်အရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ ထောက်ပြ ထားပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားမှာ လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ ဆိုးရွားလာတာကို မြင်တွေ့ရပြီး အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရတပ်မတော်က ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ကျုးလွန်တဲ့ အမှုတွေ ပါ၀င်တယ်လို့ AI ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ သုတေသီ Laura Haigh လော်ရာ ဟေ့ဂ်က ဘီဘီစီကို ပြောပါတယ်။

တကယ်တော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ရခိုင်ဘက်မှာသာ ဖြစ်တာ မဟုတ်ဘဲ ကချင်နဲ့ ရှမ်း စတဲ့ ဒေသတွေ မှာလည်း အစိုးရတပ် ဘက်ကရော တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ ဘက်ကပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်လို့ လော်ရာ ဟေ့ဂ် က ပြောပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပိုင်းမှာလည်း နဲ့ အစိုးရ ကိုယ်တိုင်က သတင်းထောက်တွေ အပေါ် ပိုမို ရန်လိုမှုတွေ ရှိနေပြီး ဖမ်းဆီး တရားစွဲတာ၊ ခြိမ်းခြောက်တာတွေ ရှိနေ တာက တပိုင်း၊ ဥပဒေပိုင်းမှာ အရင်အစိုးရတွေ ပြဌာန်းထားတဲ့ ဥပဒေတွေကို NLD အစိုးရက ဆက်ခံ ကျင့်သုံးရတာက တစ်ပိုင်းဖြစ်နေလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းထောက်တွေက အချိန်မရွေး အဖမ်း ခံရနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိရင် အရေးယူမယ်လို့ အစိုးရက ပြောထားပေမဲ့ လက်တွေ့မှာ အနည်းအပါးသာ အရေးယူတာရှိပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် တာဝန်ခံမှု မရှိ၊ ကျူးလွန်သူတွေ အပြစ်ကနေ လွတ်ကင်းမှုတွေ ရှိတယ်လို့ လည်း လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်အပြင် တခြား တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာ အများစုက အစိုးရ တပ်ဘက်က ဖြစ်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

မြန်မာပြည်က လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့ဆိုရင် မြန်မာပြည်ကို အချက်အလက် ရှာဖွေရေး အဖွဲ့ စေလွှတ်နိုင်ဖို့ နိုင်ငံတကာဘက်က ဖိအားပေးရမယ်၊ မြန်မာဘက်က ကုလသမဂ္ဂနဲ့ မိုပို ပူးပေါင်းဆောင် ရွက်ဖို့ ဖိအား ပေးရမယ့်အပြင် မြန်မာ အစိုးရတပ်မတော် အပေါ် ဒီထက်ပိုပြီး ဖိအားပေးဖို့နဲ့ ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဖို့ လိုတယ်လို့ လော်ရာဟေ့ဂ်က ထောက်ပြပါတယ်။

ဒါ့အပြင် NLD အစိုးရနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ ဘက်ကလည်း လူ့အခွင့်အရေး အခြေအနေ တွေနဲ့ တရားမျှတမှုအတွက် ထုတ်ဖော် ပြောဆိုဖို့ လိုတယ်လို့ AI က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ