မွတ်ဆလင် ၃၄ ဦးကို ထောင်ဒဏ် ၁၈ နှစ်စီပြစ်ဒဏ်ချ

ဓာတ်ပုံ မူပိုင် EPA
Image caption ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ အမြောက်အမြား ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြ။

အစ္စလာမ်ဘာသာဝင် ၃၄ ယောက်ကို နာကျင်စေမှု၊ ပြင်းထန်စွာနာကျင်စေမှု၊ လူသတ်မှုစွပ်စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချမှတ်ပြီး ထောင်ဒဏ် ၁၈ နှစ်စီချမှတ်ခဲ့ကြောင်း မောင်တောခရိုင် ဒုတိယ တရားသူကြီး ဦးညိုလွင်ဦးက ဘီဘီစီကို ပြောပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ဖြစ်စဉ်မှာ ဖမ်းဆီးထားတဲ့ မွတ်ဆလင် ၄၀၀ နီးပါး ရှိတဲ့ အနက် ၃၉ ဦးကို ရုံးတင်စစ်ဆေးခဲ့ပါတယ်။ အဲဒီအထဲက ၃၄ ယောက်ကို ထောင်ဒဏ် ၁၈ နှစ်စီ အပြစ်ဒဏ်ချမှတ်လိုက်ပြီး ၅ ယောက်ကိုတော့ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ပါတယ်။

သူတို့ကို တနှစ်လောက် ဘူးသီးတောင် အကျဉ်းထောင်မှာ ချုပ်နှောင်ထားပြီးမှ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုလတုန်းက မောင်တောမြို့နယ်၊ မေယုတောင်တန်း၊ မုယင်းတောင်ခြေမှာ သူတို့ဟာ လှည့်ကင်းစစ်ကြောင်းကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ ဗိုလ်မှူးတယောက်ကျဆုံးခဲ့တယ်လို့ ဒုတရားသူကြီး ဦးညိုလွင်ဦးကပြောပါတယ်။

၂၀၁၆ အောက်တိုဘာဖြစ်စဉ်နဲ့ ဆက်စပ်ပြီး နောက်ထပ်ဖမ်းဆီးထားသူ၊ အမှု မစစ်ဆေးရသေးသူ ၃၄၀ လောက်ကျန်ရှိနေသေးပါတယ်။

၂၀၁၇ သြဂုတ်လ ၂၅ ရက်နေ့မှာ ရဲကင်း ၃၀ လောက်ကို တိုက်ခိုက်ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူတွေလည်း ရာနဲ့ချီပြီး ရှိနေသေးတယ်လို့ ဆိုပါတယ်။