လျှို့ဝှက်အဖွဲ့အစည်းတခုက ဦးကိုနီကို လုပ်ကြံခဲ့ - ဦးနေလကပြော

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption မင်္ဂလာဒုံလေဆိပ် လူမြင်ကွင်းမှာ ဦးကိုနီကို လုပ်ကြံခဲ့တာဟာ လျှို့ဝှက်အဖွဲ့အစည်းတခုရဲ့ လက်ချက်လို့ဆို

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုဟာ လူအများသာမန်ထင်ထားတာထက် ပိုမိုနက်ရှိုင်းတဲ့ အဖွဲ့အစည်းတခုက စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဦးကိုနီမိသားစုရဲ့ ရှေ့နေ ဦးနေလက ပြောပါတယ်။

အဲဒီအဖွဲ့အစည်းကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က စတင်ဖွဲ့စည်းခဲ့တယ်လို့လည်း ဦးနေလကဆိုပါတယ်။ သူ့ကို စာနာသူတွေက လာရောက်အသိပေးပြောကြားလို့ အဲဒီ ၁၀ နှစ်ကျော်လောက်က ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းက လုပ်ကြံခဲ့တာဖြစ်ကြောင်း သူသိခဲ့ပေမယ့် သက်သေပြစရာ အထောက်အထားလက်ထဲမှာ မရှိလို့ တရားရုံးမှာ မတင်ပြနိုင်သေးတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီအဖွဲ့ဟာ အလွန်ကြောက်စရာ ကောင်းပြီး လူသတ်ရမှာ ဝန်မလေးတဲ့ အဖွဲ့အစည်းလည်း ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောပါတယ်။

သူ့ကို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိတဲ့အတွက် စိုးရိမ်ရတယ်လို့လည်း သူက ပြောပါတယ်။

အောင်ဝင်းဇော်တို့နဲ့ အခုလူသတ်မှုကို ဆက်စပ်ဖော်ထုတ်ပေးခဲ့သူ အင်းစိန်အောင်စိုးကလည်း သူ့ဆီမှာ ပိုပြီးခိုင်မာတဲ့ သက်သေအထောက် အထားတွေရှိသေးတယ်လို့ ပြောပြီး အချိန်ကျရင် ဖော်ထုတ်မယ်လို့ ဆိုပါတယ်။ သူ့ဆီမှာရှိတဲ့ သက်သေတွေ ပါဝင်တဲ့ အသံဖိုင်တဖိုင်၊ ဗီဒီယိုဖိုင်နှစ်ဖိုင်ကိုလည်း လုံခြုံရာမှာ သိမ်းဆည်းထားကြောင်းပြောပြီး တကယ်လို့ သူ့အသက်ကို လုပ်ကြံ သတ်ဖြတ်လာခဲ့ရင် အဲဒီဖိုင်တွေဟာ ပေါ်ထွက်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အောင်ဝင်းဇော်က သူအလုပ်ပြန်ရနေပြီဖြစ်ကြောင်း၊ တိုက်နဲ့ကားနဲ့လစာတွေကိုလည်း သူတို့ အဖွဲ့အစည်းက ထောက်ပံ့ပေးထားကြောင်း ပြောခဲ့တယ်လို့ အင်းစိန်အောင်စိုးက ပြောပါတယ်။

အင်းစိန်အောင်စိုးလို အရေးကြီးတဲ့ သက်သေတယောက်က သူ့မှာ အသက်အန္တရာယ်ရှိနိုင်တယ်လို့ ယူဆတယ်ဆိုရင် ရဲက အကာအကွယ် ပေးနိုင်တဲ့ စနစ်ကို စီစဉ်လို့ မရဘူးလားလို့ တရားလွှတ်တော်ရှေ့နေ ဦးနေလကို မေးမြန်းရာမှာတော့ အင်းစိန်အောင်စိုးကိုယ်တိုင်က သူ့ကို အကာအကွယ်ပေးဖို့ ရဲအဖွဲ့ဆီမှာ အကူအညီတောင်းခံတာမျိုးမလုပ်ဘူးလို့ ရှေ့နေဦးနေလက ပြောပါတယ်။

နောက်ကွယ်ကနေ ကြိုးကိုင်စီမံနေတဲ့ အလွန်ကြောက်စရာကောင်းတဲ့ အဖွဲ့အစည်းရဲ့ အန္တရာယ်ကို ရဲအဖွဲ့က အကာအကွယ်ပေးနိုင်လိမ့်မယ်လို့ အင်းစိန်အောင်စိုးက မယုံကြည်လို့ ရဲအဖွဲ့ဆီမှာ အကူအညီမတောင်းတာလို့လည်း ရှေ့နေဦးနေလက ပြောပါတယ်။

ဒီတပတ်ထဲမှာ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တရာရုံးမှာ နှစ်ရက်ဆက်တိုက်စစ်ဆေးခဲ့ရာမှာ အောင်ဝင်းထွန်းကို ဖမ်းတဲ့ ရဲအရာရှိ၊ စီစီတီဗီ ကင်မရာထဲက မှတ်တမ်းတွေကို ထုတ်ယူပြီး တရားရုံးကို တင်ပြသူ၊ တက္ကစီသမားတွေ အပါအဝင် စုစုပေါင်း သက်သေ ၅ ယောက်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ စစ်ဆေးခဲ့ပါတယ်။

ဦးကိုနီကို လုပ်ကြံပြီး မြန်မြန်ဆန်ဆန်ထွက်ပေါ်လာခဲ့တဲ့ ဦးကိုနီကို ကြည်လင်းက သေနတ်နဲ့ ဦးခေါင်းတေ့ထားတဲ့ ဓာတ်ပုံ၊ ဦးကိုနီကို လုပ်ကြံပြီး ကြည်လင်းထွက်ပြေးသွားတဲ့ စီစီတီဗီပုံလို့ ခေါ်တဲ့ဗီဒီယိုဖိုင်တို့နဲ့ ပတ်သက်ပြီး လူထုအကြားမှာ သံသယ အများအပြားထွက်ပေါ်ခဲ့ပါတယ်။ ဗီဒီယိုပုံရိပ်ဟာ ကြည်လင်းပြေးရာနောက် လိုပါချိန်ရွယ်ပြီး ရိုက်ကူးထားတာဖြစ်တဲ့ အတွက် စီစီတီဗီပုံမဟုတ်နိုင်ဘူးလို့ လူအများက ယုံကြည်ယူဆခဲ့ကြပါတယ်။ ဦးကိုနီကို ကြည်လင်းက ဦးခေါင်းမှာ သေနတ်နဲ့တေ့ပြီးချိန်ရွယ်ထားတဲ့ပုံဟာလည်း ပုံတင်သူကို အခုချိန်အထိ မဖော်ထုတ်နိုင်သေးပါဘူး။ အခုစီစီတီဗီကပုံတွေထဲမှာ အဲဒီပုံတွေ ပါမပါ ရှေ့နေဦးနေလကို မေးမြန်းရာမှာ အဲဒါတွေဟာ စီစီတီဗီကင်မရာထဲက ပုံတွေ မဟုတ်ဘူးလို့ ဦးနေလက ပြန်ဖြေပါတယ်။

အဲဒီပုံတွေကို လူသတ်တဲ့ အဖွဲ့အစည်းမှာ ပါဝင်သူတွေက ရိုက်ပြီးဖြန့်ဝေခဲ့တယ်လို့ ယူဆကြောင်း ဦးနေလက ပြောပါတယ်။

အဲဒီပုံတွေကို ဘယ်သူတွေ ရိုက်ကူးတယ်ဆိုတာကို အခုထိ မသိရသေးပေမယ့် ဖော်ထုတ်ဖို့ အစီအစဉ်ရှိကြောင်း အဲဒီအစီအစဉ်ကိုတော့ ထုတ်ဖော် မပြောနိုင်သေးကြောင်းလည်း ဦးနေလက ဘီဘီစီကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ