စစ်တွေမှာ ဗုံး ၃လုံးပေါက်၊ ၂ ဦးဒဏ်ရာရ

ဓာတ်ပုံ မူပိုင် EPA
Image caption ဒီဗုံးပေါက်ကွဲမှုဟာ ဘယ်သူရဲ့ လက်ချက်ဆိုတာ တာဝန်ရှိသူတွေက ထုတ်ဖော် ပြောကြားတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ ပြည်နယ်အစိုးရနဲ့ သက်ဆိုင်တဲ့ နေရာ ၃ ခုမှာ ဖေဖော်ဝါရီ ၂၄ ရက် မနက်က ဗုံး ၃ လုံး ပေါက်ကွဲခဲ့လို့ အပျက်အစီးတွေ ရှိသလို လူ ၂ ဦးဒဏ်ရာရ သွားပါတယ်။

စစ်တွေမြို့ကမ်းနားလမ်း ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေအိမ် ခြံစည်းရိုးနားမှာ တလုံး၊ ပြည်နယ်တရား လွှတ်တော် ချုပ်ရုံး နားမှာ တလုံးနဲ့ ပြည်နယ် မြေစာရင်းရုံးမှာ တလုံး မနက် ၄ နာရီကျော်က ပေါက်ကွဲခဲ့တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ဦးအောင်မြတ်မိုးက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

မပေါက်ကွဲတဲ့ ဗုံး ၃ လုံးကိုလည်း တွေ့ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီလိုဗုံးပေါက်ကွဲခဲ့တဲ့ အတွက် ပြည်နယ် အတွင်းရေးမှူး ဦးတင်မောင်ဆွေ အိမ်က ကား ၂ စီး ခန့် ထိခိုက် ပျက်စီးခဲ့သလို သူ့အိမ်မှာ လုံခြုံရေး ယူထားတဲ့ ရဲတဦးနဲ့ ခေတ္တလာရောက် တည်းခိုသူ ဒေါက်တာတဦးတို့လည်း ထိခိုက် ဒဏ်ရာရ သွားပါတယ်။

ဗုံးပေါက်ကွဲမှုဟာ အတော်ပြင်းထန်တယ်လို့ ပေါက်ကွဲမှု ဖြစ်ပွားတဲ့ နေရာ အနီးမှာ အလုပ်လုပ်နေတဲ့ ပန်းရံဆရာ ကိုဇော်လှိုင်က ပြောပါ တယ်။

ပေါက်ကွဲခဲ့တဲ့ ဗုံးတွေဟာ လက်လုပ်ဗုံးတွေ ဖြစ်ပြီး ဗုံးတွေမှာ ယမ်းပြင်း ဘောစိ၊ သံတိုသံစတွေပါ သလို သံဘော်ဒီထဲမှာ ထည့်ထားကာ အဝေးထိန်း စနစ်နဲ့ ဖောက်ခွဲခဲ့တယ်လို့ ရဲမှူးကြီး ဦးအောင်မြတ်မိုးက ပြောပါတယ်။

သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဗုံးနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေကို လေ့လာကြည့်ရှုရာ မှာတော့ လူသေစေနိုင်တဲ့ထိ ပြင်းထန်တဲ့ဗုံးတွေ ဖြစ်သလို လူတွေ သတိလစ်တတ်တဲ့အချိန်ကို အခွင့်ကောင်း စောင့်ပြီး ဖောက်ခွဲတာလို့ သုံးသပ်ပါတယ်။

Image caption မပေါက်ကွဲတဲ့ ဗုံး ၃ လုံးကိုလည်း တွေ့ရှိခဲ့တယ်

ဒီဗုံးပေါက်ကွဲမှုဟာ ဘယ်သူရဲ့ လက်ချက်ဆိုတာ တာဝန်ရှိသူတွေက ထုတ်ဖော် ပြောကြားတာ မရှိသေးပါဘူး။

ဒါပေမယ့် ဗုံးလုပ်တဲ့ နည်းပညာ အသုံးပြုတဲ့ ပစ္စည်းတွေကို ကြည့်ပြီးတော့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSAရဲ့ လက်ချက်လို့ ယူဆနိုင်ကြောင်း ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။

ဗုံးပေါက်ကွဲတာကြောင့် စစ်တွေ ဒေသခံတွေ အကြားမှာလည်း စိုးရိမ်မှုတွေ တိုးပွားနေသလို စစ်တွေမှာ လုံခြုံရေးကို အထူး တင်းကြပ် ထားတယ်လို့ စစ်တွေ ကျေးပင်ကြီးရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

အခု လုံခြုံရေးတွေကြောင့် ဈေးတွေနဲ့ အများပြည်သူတွေ သွားလာတဲ့ နေရာတွေမှာ လူအသွားအလာလည်း နည်းသွားတယ်လို့ သိရပါ တယ်။

ဆက်စပ် အကြောင်းအရာများ