ကရင်ပါတီ ၃ ခု ပါတီ ၁ ခုတည်းအဖြစ် ပေါင်းစည်း

ကရင်နှစ်သစ်ကူးအခမ်းအနားတခုမှာ ကပြနေကြတဲ့ ကရင်ကလေးငယ်လေးတွေ
ဓာတ်ပုံ ပုံစာ,

ကရင်နှစ်သစ်ကူးအခမ်းအနားတခုမှာ ကပြနေကြတဲ့ ကလေးငယ်လေးတွေ

ကရင်ပြည်နယ်အခြေစိုက် ကရင်ပါတီ ၃ ခုကို ပါတီတခုတည်းအဖြစ် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (Karen National Democratic Party-KNDP) ဆိုတဲ့ အမည်သစ်နဲ့ ပေါင်းစည်းလိုက်ပါတယ်။

ကရင်ပါတီတွေဖြစ်တဲ့ ကရင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP)၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီစတဲ့ ကရင်ပါတီ ၃ ခုကို ဖျက်သိမ်းပြီး ကရင်ပါတီတခုတည်းအဖြစ် ပေါင်းစည်းလိုက်တာပါ။

ခုလို ကရင်ပါတီ ၃ ခု ပူးပေါင်းရတာက နောက်လာမယ့် ကရင်မျိုးဆက်သစ်အားလုံးအတွက် ကရင်တွေက တစုတစည်းတည်း ဖြစ်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာ ဖြစ်တဲ့အပြင်၊ ကရင်တိုင်းရင်းသားတွေ စုစုစည်းစည်းနဲ့ ကိုယ့်ပြည်နယ်အရေးကို ကောင်းသထက်ကောင်းအောင် ကြိုးစားဆောင်ရွက်ပြီး အနိုင်ရဖို့ ရည်ရွယ်တယ်လို့ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) ရဲ့ တွဲဖက်အတွင်းရေးမှုး ဦးစောသန်းချစ်က ပြောပါတယ်။

လက်ရှိအချိန်မှာ ကရင်ပါတီသစ်ရဲ့ ခေါင်းဆောင်ပိုင်းကို ရွေးချယ်ထားခြင်းမရှိသေးဘဲ ဒီမိုကရေစီနည်းနဲ့သာ မဲစနစ်နဲ့ ရွေးကောက်တင်မြှောက်သွားမှာလို့ ဦးစောသန်းချစ်က ဆက်ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကရင်ပါတီ ၆ ခုရှိပြီး ကရင်ပြည်နယ်အခြေစိုက် ကရင်ပါတီ ၄ ပါတီ ရှိပါတယ်။ အဲဒီထဲကမှ ဖလုံ -စဝေါ် ဒီမိုကရက်တစ်ပါတီတခုကလွဲပြီး ကျန်ကရင်ပါတီ ၃ ပါတီကို တခုတည်းအနေနဲ့ ပေါင်းစည်းလိုက်တာလည်း ဖြစ်ပါတယ်။

ဖလုံ -စဝေါ် ဒီမိုကရက်တစ်ပါတီကတော့ သူရဲ့ပါတီဝင်တွေကို KNDP ပါတီသစ်ဆီ ပူးပေါင်းလိုက သွားရောက်ပူးပေါင်းနိုင်ကြောင်း ပြောဆိုထားသလို၊ ပါတီသစ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာလည်း ပါဝင်သွားဖို့ ရှိတယ်လို့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီရဲ့ ဒုဥက္ကဌမန်းအောင်ပြည်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲက ကရင်ပြည်နယ်တခုလုံးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက နေရာအများစု အနိုင်ရခဲ့ပြီးတဲ့နောက် ကရင်နိုင်ငံရေးပါတီတွေအနေနဲ့ တစ်စုတစ်စည်း တည်းရှိနေဖို့နဲ့ ပါတီတစ်ခုတည်း ဖြစ်ပေါ်လာစေဖို့ သဘောတူခဲ့ကြပြီး အခုလိုပေါင်းစည်းခဲ့တာ ဖြစ်ပါတယ်။