ပြန်၀င်လာသူတွေကို မောင်တောတောင်ပိုင်းနဲ့ မေယုကမ်းခြေမှာ နေရာချမပေးဖို့ တောင်းဆို

ဓာတ်ပုံ မူပိုင် MOI
Image caption ရခိုင်အရေး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ် သံအမတ် H.E Mr. Mohammad SuffiurRahman ကို ဒေါက်တာ ၀င်းမြတ်အေးက လက်ခံ တွေ့ဆုံစဉ်

ရခိုင်ပြည်နယ် ၁၇ မြို့နယ်က အရပ်ဘက်လူမှု အဖွဲ့အစည်းတွေဟာ စစ်တွေမြို့မှာ ရခိုင်ပြည်နယ် လုံးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။

အဲဒီ အစည်းအဝေးမှာ ကိုယ်စားလှယ် ၈၀ ခန့် တက်ရောက်ခဲ့ပြီး အစည်းအဝေးအပြီးမှာ ကြေညာချက် တရပ် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အထဲမှာ ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာသူတွေကို ပြန်လည် လက်ခဲ့တဲ့ နေရာမှာ မောင်တောမြို့နယ် တောင်ပိုင်းနဲ့ ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်း မေယုကမ်းခြေ ဒေသမှာ ပြန်လည် နေရာချထား မပေးဖို့ တောင်းဆိုထားတဲ့ အချက် တစ်ချက်လည်း ပါဝင်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကတော့ အစိုးရ သတ်မှတ်ထားတဲ့ ပေါ်လစီမူဝါဒ အတိုင်း လက်ခံဆောင်ရွက်သွားမယ် ၊ အဓိကကတော့ ပြန်လည် နေရာချထားရာမှာ လုံခြုံရေး ၊ အလုပ်အကိုင် အခွင့်အလမ်း နဲ့ သဘာဝ ဘေးစီမံကိန်း အတိုင်း အခြေခံ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အခု နေရာမချထားပေးဖို့ တောင်းဆိုတဲ့ မောင်တော တောင်ပိုင်းနဲ့ မေယု ကမ်းဒေသတွေဟာ ယခင်က မွတ်ဆလင်ကျေးရွာ ကြီးတွေ အများအပြားတည်ရှိပြီး လူဦးရေသိန်းနဲ့ ချီပြီး နေထိုင်ခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။

ဒီနေရာ တလျှောက် ဟာ ပင်လယ်ကမ်းခြေ ဒေသ လည်းဖြစ် ၊ မောင်တော ဘူးသီးတောင်နဲ့ ရသေ့တောင် ဒေသတွေရဲ့ ဆက်သွယ်ရေး လမ်းကြောင်းပေါ် ရောက်နေတဲ့ အပြင် ဒီဒေသ တလျှောက်မှာ နေတဲ့ လူနည်းစု လူမျိုးစု တိုင်းရင်းသားတွေရဲ့ လုံခြုံရေး အတွက် အရေးပါတဲ့ နေပြီး ပင်လယ် ကမ်းခြေ ဖြစ်တာကြောင့် တဖက်က ခိုးဝင်လာမယ့်သူတွေ အလွယ်တကူ ၀င်လို့ ရနိုင်မယ့် နေရာ ဖြစ်နေလို့ အဲဒီမှာ ဘင်္ဂလားဒေ့ရှ် ဖက်က ပြန်၀င်လာမယ့် သူတွေကို နေရာချထားမပေးဖို့ တောင်းဆိုရတာလို့ ရခိုင် ပြည်နယ် အဆင့် မြို့နယ်ပေါင်းစုံ လူမှုအဖွဲ့အစည်းများ အစည်းအဝေး ကျင်းပရေး ကော်မတီဝင် ဦးစောနိုင် က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိသွားသူတွေကို ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီး အစိုးရကနေ ကြိုးစားဆောင်ရွက်နေတဲ့ နေရမှာ အခုလို တောင်းဆိုမှုတွေ ထွက်ပေါ်လာတဲ့ အတွက် ဒါဟာ အငြင်းပွားစရာ တစ်ခု ဖြစ်နေပါတယ် ။