ကချင်ပြည်နယ် ဆွမ်ပရာဘွမ်ရှိ ကျေးရွာအချို့မှာ စာမေးပွဲမကျင်းပနိုင်

ဓာတ်ပုံ ရင်းမြစ်, KACHIN INDEPENDENCE JOURNALIST
တိုက်ပွဲတွေကြောင့် ထွက်ပြေးပြောင်းရွှေ့ရတဲ့ ကချင်ဒေသခံတွေ
ကချင်ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ် မြို့နယ်ထဲက ကျေးရွာအချို့မှာ မေးခွန်းတွေရောက်မလာတဲ့အတွက် အခုချိန်ထိ စာမေးပွဲမကျင်းပနိုင်ဘူးလို့ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ အပတ်ကစပြီး စတုတ္ထတန်းနဲ့အဌမတန်း ကျောင်းသားတွေအတွက် စာမေးပွဲ စတင်ကျင်းပခဲ့တာ ဖေဖော်ဝါရီ ၂၆ရက်ဆိုရင် ပြီးတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆွမ်ပရာဘွမ် မြို့နယ်ထဲက ကျေးရွာအချို့အတွက် စာမေးပွဲမေးခွန်းတွေ ရောက်မလာတဲ့အတွက် စာမေးပွဲကို ကျင်းပနိုင်ခြင်းမရှိသေးဘူးလို့ ဆွမ်ပရာဘွမ်ဒေသခံ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဦးဇော်ဇော်အောင်က ဘီဘီစီကို ပြောပါတယ်။
အခုလို စာမေးပွဲမကျင်းပနိုင်တဲ့ကျေးရွာစုစုပေါင်း ၅ ရွာရှိပြီး အဲ့ဒီရွာတွေမှာ ဖြေဆိုခွင့်မရတဲ့ ကျောင်းသား အားလုံး ၃၇ ဦးရှိတယ်လို့လဲသိရပါတယ်။
စတုတ္ထတန်းနဲ့အဌမတန်းဟာ အစိုးရစစ်စာမေးပွဲတွေဖြစ်တာကြောင့် မေးခွန်းတွေကို သက်ဆိုင်ရာ ပြည်နယ်၊တိုင်းဒေသကြီးကတဆင့် စာသင်ကျောင်းတွေကိုပေးပို့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနားကြားမှာ ကေအိုင်အေ (ကချင်လွတ်မြောက်ရေး တပ်မတော်) နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လမ်းတွေလည်း ပျက်စီးသွားတာကြောင့် သွားရေးလာရေးကလည်းခက်ခဲနေပါတယ်။
အခုလို အချိန်မှီစာမေးပွဲမဖြေနိုင်တဲ့ ကျောင်းသားတွေအတွက် သီးသန့်စာမေးပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ စီစဉ်နေတယ်လို့ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလုံဂျုံဆန်းမိုင်က ဘီဘီစီကိုပြောပါတယ်။
ဆွမ်ပရာဘွမ်မြို့နယ်မှာ အရင်က စုစုပေါင်းလူဦးရေ တစ်သိန်းခန့်နေထိုင်ခဲ့ပေမဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နောက်မှာတော့ ကျေးရွာ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ နေထိုင်သူမရှိတော့ဘူးလို့သိရပါတယ်။ ကျေးရွာတွေမှာ လက်ရှိနေထိုင်တဲ့ လူဦးရေအနေနဲ့ဆိုရင်လည်း ၁၅ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရသိရပါတယ်။
ကချင် တိုက်ပွဲတွေ အကြောင်း ဆွေးနွေး
တပ်မတော်က အခြေခံ ဥပဒေနဲ့ အညီ နယ်မြေ ရှင်းလင်းရေး လုပ်နေတယ်လို့ တပ် ကိုယ်စားလှယ်တချို့ ဆွေးနွေး