စာမေးပွဲရက် ဘုရားဖူးထွက်ရင်း ကျောင်းသားတွေ လှေမှောက်သေဆုံး

ဓာတ်ပုံ မူပိုင် The Voice of Shan-Ni Facebook
Image caption အင်းတော်ကြီးကန်ထဲမှာ ရွာသူရွာသားတွေ၊ ရဲ၊ မီးသတ်နဲ့ လူမှုရေးအဖွဲတွေ ပူးပေါင်းရှာဖွေခဲ့

ကချင်ပြည်နယ် အင်းတော်ကြီးကန် ထဲက ရွှေမဉ္ဇူ ဘုရားပွဲကို သွားကြတဲ့ စက်လှေတစ်စီး တိမ်းမှောက်ခဲ့တဲ့ အတွက် စက်လှေပေါ် လိုက်ပါလာသူ ၉ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေက စက်လှေသမားရဲ့ သမီးနဲ့ ၈ တန်း ကျောင်းသူကျောင်းသား ၈ ယောက် တို့ ဖြစ်ကြပါတယ်။

အဲဒီလှေပေါ်မှာ ကျောင်းဆရာမ တစ်ယောက်နဲ့ ကျောင်းသူ ကျောင်းသားတွေ အပါအဝင် စုစုပေါင်း ၁၈ ယောက် လိုက်ပါသွားကြတာ ဖြစ်ပြီး ကျန် ၉ ယောက်ကိုတော့ ကယ်ဆယ် နိုင်ခဲ့ပါတယ်။

စက်လှေမောင်းသူ၊ ဆရာမနဲ့ ကျောင်းသူ ကျောင်းသား ၇ ယောက်တို့ ဖြစ်ပါတယ်။

အဲဒီစက်လှေ ပေါ်မှာ အင်းတော်ကြီးကန် အရှေ့ဘက်ကမ်းက လုံးသန့်ရွာ အထက်တန်း ကျောင်းခွဲက ၈ တန်း ကျောင်းသူ ကျောင်းသား ၁၅ ယောက်၊ ကျောင်းဆရာမ တစ်ယောက်၊ စက်လှေ မောင်းသူနဲ့ သူ့ သမီး အပါအဝင် စုစုပေါင်း ၁၈ ယောက် လိုက်ပါ သွားခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက် ညနေပိုင်းက အင်းတော်ကြီးကန်ထဲက ရွှေမဉ္ဇူ ဘုရားပွဲ သွားပြီး အပြန်မှာ စက်လှေမှောက် တာလို့ မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

အင်းတော်ကြီး ဒေသခံတွေက ရွှေမဉ္ဇူ ဘုရားဟာ ဆုတောင်းပြည့်တယ်၊ တန်ခိုးကြီးတယ်လို့ ယူဆထားကြပြီး ဘုရား ပွဲတော်ကလည်း သူတို့ အတွက် အရေးကြီးတဲ့ အတွက် အစိုးရစစ် ၈ တန်း စာမေးပွဲ ဖြေနေတဲ့ ရက်အတွင်းမှာ ဒေသခံကျောင်းသားတွေ သွားရောက်ကြတာပါ။

ကချင်ပြည်နယ်ရဲ့ နာမည်ကျော် အင်းတော်ကြီးအိုင်ရဲ့ ရွှေမဉ္ဇူ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၈ ရက်ကနေ တပေါင်းလပြည့်ကျော် တစ်ရက်နေ့အထိ ကျင်းပလေ့ရှိပြီး ဘုရားဖူးလာကြသူများပါတယ်။

အရင်ကလည်း အခုလို မတော်တဆဖြစ်ရပ်မျိုး ရှိခဲ့ပြီး ထပ်မံ မဖြစ်ရအောင် လုပ်ဆောင်ခဲ့ ပေမယ့် လုံလောက်တဲ့ ကာကွယ်ရေး နည်းစနစ်တွေ လိုအပ် နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ