ဘာလင်မှာကျင်းပတဲ့ ရခိုင်အရေးဆွေးနွေးပွဲ မြန်မာကိုယ်စားလှယ်တွေ တက်ခွင့်မရ

မြန်မာကိုယ်စားလှယ်တွေ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
ဓာတ်ပုံ ပုံစာ,

မြန်မာကိုယ်စားလှယ်တွေ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ မကြာခင်ကကျင်းပခဲ့တဲ့ ရခိုင်အရေးဆွေးနွေးပွဲတခုမှာ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးဖို့ ကြိုးစားခဲ့ပေမယ့် အဲဒီပွဲကို တက်ရောက်ခွင့်မရပဲ ပယ်ချခံခဲ့ရတယ်လို့ မြန်မာကိုယ်စားလှယ်တွေကပြောပါတယ်။

အဲ့ဒီအကြောင်းကို တက်ရောက်ခွင့်မရခဲ့တဲ့ မြန်မာကိုယ်စားလှယ်တွေက ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီးပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ဆိုတဲ့ခေါင်းစဉ်နဲ့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က ဘာလင်မြို့မှာ ကျင်းပတဲ့ပွဲကို မြန်မာနိုင်ငံကကိုယ်စားလှယ်တချို့ တက်ဖို့ ကမ်းလှမ်းတာကို ပွဲစီစဉ်သူတွေက ဖေဖေါ်ဝါရီ ၂၂ ရက်နေ့မှာ အတည်ပြုလက်ခဲ့ပြီး ၂၃ ရက်နေ့ညမှာ ပယ်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပွဲလက်မှတ် ဝယ်တဲ့သူတွေများလွန်းပြီး ထိုင်ခုံတွေမရှိတော့တဲ့အတွက် မြန်မာကိုယ်စားလှယ် တွေကို လက်ခံလို့မရဘူးလို့ ပွဲစီစဉ်သူတွေက အကြောင်းပြန်ခဲ့တယ်လို့ ဆိုထားပြီး အဲ့ဒီလို မြန်မာပြည်က ကိုယ်စားလှယ်တွေမပါပဲလုပ်တာဟာ တဖက်စောင်းနင်းဖြစ်စေတယ်လို့ စိုးရိမ်ကြောင်း ဘာလင်ပွဲကို တက်ရောက်ခွင့်မရတဲ့ မြန်မာကိုယ်စားလှယ်တွေက ပြောပါတယ်။

'' ရခိုင်အရေးကြောင့် နိုင်ငံတကာရဲ့စာမျက်နှာမှာ မြန်မာပြည်ပုံရိပ်ကျဆင်းနေချိန်အခုလို လုပ်တာကို စိတ်မကောင်းဖြစ်မိတယ် ''

'' ရခိုင်ကိစ္စကို လူမျိုးတုန်း သတ်ဖြတ်မှုလို့ ပုံဖေါ်ပြောဆိုနေကြတယ်။ ကျနော်တို့ဘက်ကလည်း တင်ပြချင်တာရှိတယ်။ သူတို့ရဲ့ထင်မြင်ယူဆချက်နဲ့ သူတို့ပြောဆိုနေကြတယ်။ ဆိုတော့ ကျနော်တို့ကလည်း ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေ တင်ပြချင်တာရှိတယ်။''

လို့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်း အဖွဲ့ရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာအောင်ထွန်းသက် က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ အင်္ဂလိပ်ဘာသာစကားနဲ့သာရှင်းလင်းပြောဆိုခဲ့ပြီး နိုင်ငံတကာကကိုယ်စား လှယ်တွေနဲ့ ပြည်တွင်း၊ ပြည်ပသတင်းဌာန တချို့လည်း တက်ရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ပဋ္ဋိပက္ခဖြစ်ခဲ့တဲ့ဒေသခံမွတ်စလင်၊ ရခိုင်လူမျိုးနဲ့ တခြားလူမျိုးစုတွေ အကြား သဟဇာတဖြစ်ရေးကို လုပ်ဆောင်မယ့်အစီအစဉ်ကို ဘာလင်ပွဲမှာ ဆွေးနွေးတင်ပြဖို့ စီစဉ်ထားခဲ့ပေမဲ့ တက်ရောက်ခွင့်မရတဲ့ အတွက် တင်ပြခွင့်မရခဲ့ဘူးလို့လည်း မြန်မာကိုယ်စားလှယ်တွေရဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားချက်ရဲ့ အရသိရပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

မတူညီတဲ့လူမျိုးစုတွေအကြား အတူတကွယှဉ်တွဲနေထိုင်ဖို့ အစီအစဉ်နဲ့ပတ်သက်ပြီးတော့လည်း ဒေါက်တာအောင်ထွန်းသက်က

''အခုစကားပြောနေတဲ့အချိန်မှာတောင် ရခိုင်ပြည်ကတချို့ဒေသခံတွေဟာ အတူတူ အေးအေး ချမ်းချမ်း နေထိုင်ကြပါတယ်။ ဒီလိုမျိုးအပြုအမှုတွေကို ဘယ်လိုဆက်ပြီး သယ်ဆောင်မလဲဆိုတာ ဒါတွေကို ကျနော်တို့ လုပ်နေပါတယ်။''

''အချိန်တော့ ယူရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ပြောသလို ယုံကြည်မှုတွေ ပျက်စီးသွားပြီ။ အဲဒီအတွက် ကျနော်တို့ ယုံကြည်မှု ပြန်တည်ဆောက်ရမယ်။ ဒါဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး။ အသိုင်းအဝိုင်းနှစ်ဖက်လုံးက ကြောက်နေကြတယ်။ ခွဲခြားဆက်ဆံခံနေရတယ်လို့ ခံစားရတယ်။ ကျနော်တို့ကို ယုံကြည်ပါလို့ ပြောချင်တယ်။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ လွတ်လပ်မှု စံချိန်စံနှုန်းတွေကို ကျနော်တို့လက်ခံပါတယ်။ ဒါတွေအားလုံးကျနော်တို့နားလည်တယ်။ အကောင်းဆုံးဖြစ်အောင်လည်း ကျနော်တို့ လုပ်နေပါတယ်။'' လို့ပြောပါတယ်။

ပဋ္ဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ သတင်းထောက်တွေသွားရောက်လေ့လာဖို့ ကန့်သတ်မှုလုပ်နေတဲ့ အတွက် နိုင်ငံတကာက မြန်မာအစိုးရကို လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ် သုတ်သင်ရှင်းလင်းရေး စတဲ့စွပ်စွဲပြောဆိုမှုတွေ ရှိနေတဲ့အပြင် ဖိအားပေးအရေးယူမှုတွေလည်း ရှိလာပါတယ်။

ပဋိပက္ခကြောင့်ထွက်ပြေးသွားတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ ပြန်လက်ခံရေးလည်း အခုချိန်ထိ မစနိုင်သေးတဲ့ အပေါ် နိုင်ငံတကာက စောင့်ကြည့်ဝေဖန် တာတွေကလည်း ရှိနေတာဖြစ်ပါတယ်။