လွှတ်တော် ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းခြင်း ဥပဒေ ပြဌာန်းဖို့ ရှိ မရှိ မေးမြန်း

ဓာတ်ပုံ မူပိုင် Amyotha Luttaw
Image caption အမျိုးသားလွှတ်တော် အစည်းအဝေးမြင်ကွင်း

လွှတ်တော်ကိုယ်စားလှယ်တွေကို သူတို့ရဲ့ တာဝန်ကနေ ပြည်သူတွေက ပြန်လည် ရုပ်သိမ်းချင်ရင် ရုပ်သိမ်းနိုင်ဖို့အတွက် ဥပဒေကို ပြဌာန်းပေးနိုင်ခြင်း ရှိ ၊ မရှိ မေးခွန်းကို ကရင်ပြည်နယ် အမှတ် ( ၅) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။

ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေတာဖြစ်တဲ့အတွက် ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေက မကြိုက်တော့ရင် သူတို့ရဲ့ အခွင့်အရေးနဲ့ ဆန္ဒအရ အခွင့်အာဏာ ပြန်လည်ရုပ်သိမး်ဖို့ ဆိုတာ ဒီမိုကရေစီ အခွင့်အရေးအရ လိုအပ်တဲ့အတွက် ပထမအကြိမ် လွှတ်တော်တုန်းက ပြဌာန်းနိုင်ခြင်း မရှိခဲ့တဲ့ ဥပဒေကို အခုလွှတ်တော်မှာ ပြဌာန်းပေးနိုင်ခြင်း ရှိမရှိဆိုပြီး မေးမြန်းခဲ့တာပါ။

အမျိုးသား လွှတ်တော်မှာ လာရောက်ဖြေဆိုခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူကတော့ အရင်လွှတ်တော်မှာလည်း အဲဆို အဆိုကို ဆိုင်းငံ့ခဲ့ရတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ထိခိုက်နိုင်တယ်ဆိုတဲ့ အချက်နဲ့ ဆိုင်းငံ့ခဲ့ရတာဖြစ်သလို ဒီလို ဥပဒေကို ပြဌာန်းနိုင်ဖို့အတွက် ညှိနှိုင်းပြုစုနေကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်အချိန်လောက်မှာ လွှတ်တော်ထဲ တင်သွင်းပြဌာန်းနိုင်မယ်ဆိုတာကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ဒီလို ဥပဒေပြဌာန်းနိုင်ဖို့ အန်အယ်လ်ဒီ အမတ်တွေ အများစု ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်မှာလည်း မေးမြန်းခဲ့ဖူးပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ရုပ်သိမ်းခြင်း ဆိုတဲ့ ကိစ္စမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ပါသလား မပါသလားဆိုတဲ့ ကိစ္စတွေအပြင် တကယ်လို့ မပါဘဲ ရွေးကောက်ခံတွေကိုဘဲ ရုပ်သိမ်းနိုင်မယ့် ဥပဒေဆိုရင်လည်း တရားမျှတတဲ့ ဥပဒေဖြစ်မှာမဟုတ်တဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်အပါဝင် အာဏာရ ပါတီရဲ့ လွှတ်တော်အနေနဲ့ အခက်အခဲ အချို့တွေ့နေပုံရတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျှံခမ်းက ဘီဘီစီကို ပြောပါတယ်။

သူ့အနေနဲ့ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ၊ အစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုကို ပြည်သူသိအောင်ချပြတဲ့ ကိစ္စတွေက လတ်တလောမှာ ပိုပြီးလိုအပ်တယ်လို့ ထင်မိတယ်လို့ စိုင်းဝမ်းလျှံခမ်းက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ