စွပ်စွဲချက်တွေကို မြန်မာဝန်ကြီး ပယ်ချ

ဓာတ်ပုံ မူပိုင် EPA
Image caption ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး အစီအစဉ်တွေ လုပ်နေတာကိုလည်း ဝန်ကြီးက ရှင်းပြခဲ့

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်က ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ရှင်းလင်းမှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှု မြောက်နိုင်တဲ့ လုပ်ဆောင်မှုတွေ ရှိတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက် တွေကို ငြင်းဆိုလိုက် ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ပုံမှန် အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုရှိတာ သိရရင် အစိုးရ အနေနဲ့ အရေးယူ ဆောင်ရွက်တာရှိတဲ့ အကြောင်း မောင်တောမြို့နယ် အင်းဒင် ရွာမှာ ဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုအပေါ် စုံစမ်း အရေးယူတာကို ဥပမာပေး ပြောခဲ့ပါတယ်။

ဒီကိစ္စကို သိသိချင်းမှာ တပ်မတော် အဆင့်မြင့် စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့ပြီး စစ်ဆေးခဲ့ပြီးနောက် တာဝန်ရှိတဲ့ စစ်ဘက်၊ ရဲဘက်နဲ့ ရွာသား ၁၆ ယောက်ကို အရေးယူ ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို စုံစမ်းအရေးယူခဲ့တာဟာ မြန်မာ အစိုးရ အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိတာကို ပြသတာ ဖြစ်သလို ကျူးလွန်သူတွေ အပြစ်ပေး အရေးယူခံရမှုကနေ ကင်းလွတ်မှု မရှိရအောင် ကြိုးပမ်း ဆောင်ရွက်နေတဲ့ ခြေလှမ်းပဲလို့ ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့လည်း လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ သူက ရှင်းပြခဲ့ ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံရေး အတွက် အစီအစဉ်တွေ လုပ်ဆောင် နေရာမှာ မြန်မာဘက်က အတည်ပြုထားတဲ့ လူ ၁၂၀၀ ကျော် စာရင်းကိုရော အခြေခံ အထောက်အကူပြုမယ့် အစီအစဉ်တွေ လုံခြုံရေး အစီအစဉ် တွေကိုပါ ပေးပို့ထားပြီးဖြစ်ကြောင်း မြန်မာ ဝန်ကြီးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်က ပေးပို့ထားတဲ့ လူ ၈၀၀၀ စာရင်းကို စိစစ်နေကြောင်းနဲ့ နယ်စပ် တလျှောက် နေ နေကြတဲ့ ထောင်နဲ့ ချီတဲ့ လူတွေကို ပြန်လည် လက်ခံနိုင်ရေး အတွက်လည်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းတွေနဲ့ ပူးပေါင်း လုပ်ကိုင်နိုင်ဖို့လည်း ဆွေးနွေး ပြောဆိုမှုတွေ ရှိနေတယ်လို့ ဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ