တိုက်ပွဲကြောင့်ပြေလည်မှုရအောင် ကေအန်ယူနဲ့မွန်ပြည်သစ်ပါတီ ညှိနှိုင်း

Image caption ကေအန်ယူဌာနချုပ် လေးဝါးစခန်းမှ ကေအန်ယူတပ်သားများ

မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ဖြစ်တဲ့ ကရင်အမျိူးသားအစည်းအရုံး ကေအန်ယူနဲ့ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့တွေအကြား မွန်ပြည်နယ် ရေးမြို့နယ်မှာ အသေးစားတိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ကိုယ်စားလှယ်တွေ ပြေလည်မှုရအောင်ဖြေရှင်း နေရတယ်လို့ သိရတယ်။

ရေးမြို့နယ်မာန်အောင်ရွာအနားမှာ ကေအန်ယူ တပ်မဟာ ၆ လက်အောက်ခံ တပ်ဖွဲ့ဝင်နဲ့ မွန်ပြည်သစ် ပါတီတပ်ဖွဲ့ဝင်တွေ အကြား ဖေဖော်ဝါရီ ၂၄ရက်နေ့က ရှောင်တခင်တိုက်ပွဲ တခုဖြစ်ခဲ့ပြီး မွန်ပြည်သစ်ပါ တီက ကေအန်ယူစစ်သားရဲ့သေနတ်နှစ်လက်နဲ့ ရွာသားတယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ကေအန်ယူက ပြောပါတယ်။

ကေအန်ယူကတော့ သူတို့ တပ်ဖွဲ့ဝင်တွေကို မွန်ပြည်သစ်ပါတီစစ်သားတွေက လာရောက်ပစ်ခတ်ခဲ့လို့ ပြောပေမဲ့ မွန်ပြည်သစ်ပါတီကတော့ သူတို့ဌာနချုပ်နားမှာ ကေအန်ယူစစ်သားနဲ့သစ်ခိုးထုတ်သူတွေ ဝင်လာတဲ့အတွက် တိုက်ခိုက်နှိမ်နင်းရတာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။

ကေအန်ယူ တပ်မဟာ ၆ က တာဝန်ရှိသူတယောက် ဖြစ်တဲ့ ပဒိုစောအက်ဒဝပ်က တိုက်ပွဲမှာ ကေအန်ယူစစ်သားတွေက ထိခိုက်ဒဏ်ရာရတာမရှိပေမဲ့ လက်နက်တချို့ဆုံးရှုံးတယ်လို့ ဘီဘီစီကို ပြောပါတယ်။

လွန်ခဲ့တဲ့လကလည်း သစ်ခိုးထုတ်သူ ၄၀ ကျော်ကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးထိန်းသိမ်းခဲ့ဖူးပါတယ်။ ဒါပေမယ့် ကေအန်ယူတာဝန်ရှိသူတွေက လာရောက်ညှိနှိုင်းလို့ ပြန်လွှတ်ပေးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် မွန်ပြည်သစ်ပါတီက သိမ်းယူခဲ့တဲ့ လက်နက်နဲ့ ရွာသားကို ပြန်လွှတ်ပေးဖို့ ကေအန်ယူဖက်က တောင်းဆိုထားပါတယ်။ မွန်ပြည်သစ်ပါတီကတော့ သူတို့ထိပ်ပိုင်းခေါင်းဆောင်တွေက နေပြည်တော်မှာ ခရီးလွန်နေတဲ့အတွက် ညှိနှိုင်းမှုတွေမပြီးပြတ်သေးဘူးလို့ နိုင်အောင်မငေးက ပြောပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ ကေအန်ယူအကြားမှာ အရင်ကလည်း နယ်မြေအငြင်းပွားမှုတွေ ရှိခဲ့ဖူးပါတယ်။ ကေအန်ယူနဲ့မွန်ပြည်သစ်ပါတီအကြား ပြေလည်မှုရရှိဖို့ မြန်မာအစိုးရဖက်က နယ်လုံဝန်ကြီးဌာနက တာဝန်ရှိသူတွေလည်း ကြားဝင်ဖြေရှင်းပေးတယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ