ထရမ့်အစိုးရအဖွဲ့က ဆက်ဆံရေး အကြီးအကဲ နုတ်ထွက်တော့မယ်

ထရမ့်၊ အိမ်ဖြူတော်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

Miss Hope Hicks ဟာ အရင်က မော်ဒယ်လ် လုပ်ခဲ့ဖူး

အမေရိကန်နိုင်ငံ အိမ်ဖြူတော် အစိုးရအဖွဲ့ရဲ့ ဆက်ဆံရေး ဒါရိုက်တာလည်းဖြစ် သမ္မတ ထရမ့်ရဲ့ အကြံပေးပုဂ္ဂိုလ်တွေထဲမှာ သက်တမ်းအကြာဆုံးသူ တဦးလည်း ဖြစ်တဲ့ Miss Hope Hicks ရာထူးကနေ နုတ်ထွက်တော့မယ်လို့ အိမ်ဖြူတော် အစိုးရက ထုတ်ဖော် ကြေညာလိုက်ပါတယ်။

တခါက မော်ဒယ်လ် လုပ်ခဲ့ဖူးတဲ့ အသက် ၂၉နှစ်အရွယ် Miss Hope Hicks ဟာ မစ္စတာ ထရမ့်အနားမှာ အတူ ယှဉ်တွဲ အလုပ်လုပ်လာတာ နှစ်နဲ့ ချီနေပြီ ဖြစ်ပါတယ်။

အိမ်ဖြူတော်မှာ သူလုပ်နိုင်သလောက် လုပ်ခဲ့ပြီးပြီလို့ ယူဆတာကြောင့် အခုလို အလုပ်ကနေ နုတ်ထွက်တော့မှာလို့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို Miss Hope Hicks က ပြောခဲ့တယ်လို့ သိရပါတယ်။

သူဟာ အိမ်ဖြူတော် အစိုးရအဖွဲ့ရဲ့ စတုထ္ထမြောက် ဆက်ဆံရေး အကြီးအကဲလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလတုန်းက Miss Hope Hicks ဟာ ပြန်ကြားရေးဌာန အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အိမ်ဖြူတော် အစိုးရအဖွဲ့ ဆက်ဆံရေး အကြီးအကဲ Anthony Scaramucci ရုတ်တရက် ရာထူးက အထုတ်ခံခဲ့ရအပြီး သူ့နေရာကို Miss Hope Hicks လွှဲပြောင်းယူခဲ့တာပါ။

သမ္မတ ထရမ့် အဖွဲ့ထဲကနေ တခြားသူတွေ အထုတ်ခံရ ထွက်ကုန်ကြ ဖြစ်ခဲ့ပေမယ့် Miss Hope Hicks တယောက်ကတော့ ငြိမ်ငြိမ်သက်သက်နဲ့ အိမ်ဖြူတော် အစိုးရအဖွဲ့ထဲက သြဇာ အရှိဆုံး ရာထူးတွေထဲက တခုကို အရယူနိုင်ခဲ့ပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

ပြန်ကြားရေးဌာနတခု ကို ကြီးကြပ်ရတဲ့ အဲဒီ ရာထူးနေရာမှာ အရင်က Sean Spicer နဲ့ Mike Dubke တို့ တာဝန်ယူခဲ့ဖူးပါတယ်။

ဒါပေမယ့် Miss Hope Hicks ကတော့ အံ့သြစရာ ကောင်းလောက်အောင်ကို ဒီရာထူးမှာ လူမသိ သူမသိ ခပ်လျှိုလျှိုလေး နေခဲ့ပါတယ်။

အစိုးရအဖွဲ့ထဲကနေ သူဘယ်တော့ ထွက်မလဲ ဆိုတာ အသေအချာ မသိသေးဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရ အမျိုးသမီး Sarah Sanders က ပြောပါတယ်။

Miss Hope Hicks ရာထူးက နုတ်ထွက်သွားတာဟာ အင်္ဂါနေ့တုန်းက လွှတ်တော် စုံစမ်း စစ်ဆေးရေး ကော်မတီရှေ့မှောက် သက်သေ ထွက်ဆိုခဲ့မှုနဲ့ ဆက်နွယ်ပတ်သက်ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။

အဲဒီတုန်းက Miss Hope Hicks က သမ္မတထရမ့်အတွက် သူ တခါတလေ စေတနာနဲ့ ကာကွယ် ပြောခဲ့တာတွေဟာ အဖြူရောင် မုသားစကားတွေ ဖြစ်ခဲ့ရပါတယ်ဆိုပြီး ကော်မတီရှေ့မှောက် ဝန်ခံ ပြောဆိုခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒါပေမယ့်လည်း ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားတို့ ပါဝင် ပတ်သက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေအပေါ် စုံစမ်းစစ်ဆေးနေမှုတွေမှာတော့ သူလိမ်ညာ ပြောဆိုတာမျိုး မရှိပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

အခု Miss Hope Hicks အိမ်ဖြူတော် အစိုးရအဖွဲ့ထဲက ထွက်သွားကောင်း ထွက်သွားပြီ ဖြစ်ပေမယ့် သမ္မတ ထရမ့်ရဲ့ အဖွဲ့ ရုရှားနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ ရှိသလား ဆိုတာကို စုံစမ်း စစ်ဆေးနေမှုတွေ ထဲမှာ အဓိက အရေးပါတဲ့ သက်သေတဦး ဖြစ်နေတာကြောင့် သူ့နာမည်ဟာ သတင်း ခေါင်းကြီးပိုင်းတွေမှာ ထပ် ပေါ်လာအုံးမယ့် ပုံ ရှိနေသေးတယ်လို့ ဝါရှင်တန်မြို့က ဘီဘီစီ သတင်းထောက် Anthony Zurcher က သုံးသပ်ထားပါတယ်။