လူကုန်ကူးခံရတဲ့ မြန်မာအလုပ်သမား ၁၈ ယောက်ကို ထိုင်းလွှဲပေး

ဒီလွှဲပြောင်းပေးအပ်မှုဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ,

ဒီလွှဲပြောင်းပေးအပ်မှုဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ လူကုန်ကူးခံရတဲ့ မြန်မာ အလုပ်သမား ၁၈ ဦးကို သူတို့ရမယ့် လျော်ကြေးတွေနဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာ မြန်မာတာဝန်ရှိသူတွေကို ဖေဖော်ဝါရီ ၂၈ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဒီလွှဲပြောင်းပေးအပ်မှုဟာ ၂၀၁၈ ခုနှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ လူကုန်ကူးခံရတဲ့ အမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ကို ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုး တိုးတက်ရေးနဲ့ လူသားလုံခြုံရေးဂေဟာတွေမှာစောင့်ရှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီထဲက ကိုရန်မျိုးကျော်နဲ့ ဇနီးမတင်ငွေတို့ဟာ ထိုင်းရဲဆေးရုံက ဆရာဝန် ရဲဗိုလ်မှူးကြီး ဆူဖတ်ရဲ့ နှစ်ရှည် ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး အမျိုးသားဟာ လက်တဖက် ပြတ်သွားတာကြောင့် လျော်ကြေး ဘတ်ငွေ ၆ သိန်းနဲ့ ဇနီးကဘတ်ငွေ ၃ သိန်းရပါတယ်။

ကျန်တဲ့ ၁၆ ယောက်ကို ထိုင်းအစိုးရက ဂရုဏာကြေး တယောက်ကို ဘတ် ၆ ထောင် စီ ပေးအပ်ခဲ့ပါတယ်။

ထိုင်းနဲ့မြန်မာ ၂ နိုင်ငံကြား လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်ဖြစ်တယ်လို့ ပြန်လည်ထူထောင်ရေးဉီးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောပါတယ်။

မြန်မာအစိုးရတာဝန်ရှိသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ထိုင်းနိုင်ငံ ဒေသတချို့က လူကုန်ကူးမှုတွေကို ဖေါ်ထုတ်ဖမ်းဆီးနိုင် သလို သွားပြီးကယ်တင်နိုင်တာတွေ ရှိတယ်လို့ ထိုင်းဒုရဲချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံထဲမှာ အလုပ်အကိုင်ရှားပါးနေတာကြောင့် ၂ နိုင်ငံ သဘောတူညီချက် MoUနဲ့ နေ့စဉ် မြန်မာ အလုပ်သမားတွေ ထောင်ချီပြီး ထိုင်းနိုင်ငံကိုဝင်လာနေသလို ဒီအထဲက အလုပ်သမား တွေဟာ ပိုမို ကောင်းမွန်တဲ့ အလုပ်တွေ ရှာဖွေရင်း လူကုန်ကူးခံရနိုင်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး စောင့်ကြည့်သူတွေ ကပြောပါတယ်။