မက္ကဆီကို စက်ရုပ်ပြိုင်ပွဲ ဝင်ပြိုင်ဖို့ ထူးချွန်မြန်မာလူငယ်များကို ရှာဖွေ

ဓာတ်ပုံ ရင်းမြစ်, FIRST Global Team Myanmar FB
မက္ကဆီကိုနိုင်ငံမှာ ဩဂုတ်လ အတွင်းပြုလုပ်မယ့် First Global Robotics Challenge စက်ရုပ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မယ့် အရည်အချင်း ပြည့်မီတဲ့ လူငယ်တွေကို ရှာဖွေနေပါတယ်။
အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်ကြားမှာရှိတဲ့ မက္ကနစ် ဒီဇိုင်း၊ အီလက်ထရောနစ်နဲ့ Programing ပိုင်းတွေမှာ အရည်အချင်းပြည့်တဲ့ ကျောင်းသူ ကျောင်းသား ၅ ဦးကို ရွေးချယ်ပြီး သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဖန်တီးရာ Myanmar Innovation Labက လူငယ်တွေကို ရွေးချယ်စေလွှတ်သွားမှာ ဖြစ်သလို ဒီပြိုင်ပွဲ အပေါ် လူငယ်တွေ စိတ်ဝင်စားမှု ရှိတယ်လို့ ဖန်တီးရာရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးမြင့်မြတ်အောင်ဇော် ကတော့ ဘီဘီစီကို ပြောပါတယ်။
ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်အတော်များများကို သွားရောက်ပြီး ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဟောပြော စည်းရုံးနေပါတယ်။
သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာ ပညာရပ်တွေမှာ ကမ္ဘာပေါ်မှာရှိတဲ့ လူငယ်တွေ ပိုမို စိတ်ဝင်စား လာစေဖို့ First Global အဖွဲ့က ၂၀၁၇ ခုနှစ်က စတင်ပြီးတော့ ဒီပြိုင်ပွဲကို ကျင်းပလာတာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ နိုင်ငံကိုယ်စားပြုအဖွဲ့တွေက စက်ရုပ်တွေကို ပြုလုပ်ပြီး သတ်မှတ်တဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်က နိုင်ငံပေါင်း ၁၅၇ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်တဲ့ အသင်းဟာ အဆင့် ၆ ရရှိခဲ့ပါ တယ်။