ဧက ၅၀ လုပ်ကွက် နှစ်ရှည်ပေးမဲ့ ကျောက်မျက်ဥပဒေကို ကချင်ပြည်သူတွေ ဆန္ဒပြ

ဓာတ်ပုံ မူပိုင် PAN Naw Chya Kyi
Image caption ကျောက်မျက် ဥပဒေ ကန့်ကွက်ကြောင်း ဆန္ဒပြသူတွေကို တွေ့ရစဉ်

လာမယ့်ဘဏ္ဍာနှစ်မှာ လွှတ်တော်အတွင်း ပြဌာန်းတော့မယ့် ၂၀၁၇ ကျောက်မျက်ဥပဒေမူကြမ်းကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ကချင်နိုင်ငံရေးပါတီတွေဖြစ်တဲ့ KSDP၊ KNCD နဲ့ KDP တို့ဦးဆောင်ပြီး ဒေသခံ ၆၀ဝ ကျော်ဟာ မြစ်ကြီးနားမြို့၊ မနောကွင်းကနေ မြို့မဈေးကြီးလမ်းတလျှောက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ကျောက်မျက်ဥပဒေကို တနှစ်တခါ ပြဌာန်းလေ့ရှိပြီး လက်ရှိဘဏ္ဍာနှစ်မှာ ၂၀၁၆ ကျောက်မျက်ဥပဒေနဲ့ တူးဖော်လုပ်ကိုင်နေကြတာလို့ ဆန္ဒပြရာမှာပါဝင်သူတွေက ပြောပါတယ်။ ၂၀၁၇ ကျောက်မျက်ဥပဒေမူကြမ်းမှာလည်း ၂၀၁၆ ဥပဒေအတိုင်း အကြီးစားကျောက်တူးဖော်ရေး လုပ်ကိုင်သူတွေကို နှစ်ရှည်လုပ်ကိုင်ခွင့် ချထားပေးလို့ ကန့်ကွက်ဆန္ဒပြကြတာဖြစ်ပါတယ်။

၂၀၁၆ ကျောက်မျက်ဥပဒေက အသေးစား၊ အလတ်စားနဲ့ လက်လုပ်လက်စား ကျောက်တူးဖော်ရေး လုပ်သူတွေအတွက် ကန့်သတ်ချက်တွေများနေပြီး အကြီးစားလုပ်ကိုင်သူတွေအတွက်သာ အကျိုးရှိနေတယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

လာမယ့်ဘဏ္ဍာနှစ်မှာ လွှတ်တော်အတွင်း ပြဌာန်းတော့မယ့် ၂၀၁၇ ကျောက်မျက်ဥပဒေမူကြမ်းမှာ ထည့်သွင်းရေးဆွဲဖို့ အကြံပြုစာကို ကချင်ဒေသခံတွေ၊ ဒေသခံကျောက်မျက်လုပ်ငန်းရှင်တွေ၊ ကချင်နိုင်ငံရေး ပါတီတွေနဲ့ ဥပဒေပညာရှင်တွေက လွှတ်တော်ကို ပေးပို့ခဲ့ပေမယ့် ဥပဒေမူကြမ်းမှာ လုံးဝမထည့်သွင်းထားလို့ ခုလိုဆန္ဒပြရတာ ဖြစ်တယ်လို့ KSDP ရဲ့ လူထုဆက်ဆံရေး တာဝန်ခံ ဦးဘရမ်အောင်က ပြောပါတယ်။

ဧက ၅၀ လုပ်ကွက်တွေကို ၁၀ နှစ်လောက် သက်တမ်းနဲ့ လုပ်ခွင့်ပေးထားတယ်ဆိုတာ မကုန်မချင်း ခရိုနီတွေကို လုပ်ပိုင်ခွင့်ပေးတဲ့ သဘောဖြစ်ပြီး ဌာနေတိုင်းရင်းသားတွေအတွက်ဘာမှမစဉ်းစားကြဘူး။ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်ထဲရောက်နေတဲ့ ကိုယ်စားလှယ်တွေလည်း ဘာတွေ လုပ်နေမှန်းမသိပါဘူးလို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ဦးဘရန်အောင်က ဘီဘီစီကို ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက် (KNCD) နဲ့ ကချင်ဒီမိုကရက်တစ်ပါတီ KDP တို့ကဦးဆောင်ပြီး ကျောက်မျက်လုပ်ငန်း လုပ်ကိုင်နေသူတွေနဲ့ မြစ်ကြီးနားမြို့ခံတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

၂၀၁၆ ကျောက်မျက်ဥပဒေက တနိုင်တပိုင်လုပ်ကိုင်နေတဲ့ ကျောက်မျက်လုပ်ငန်း လုပ်ကိုင်နေသူတွေအတွက် လုပ်ကိုင်ရတာ ခက်ခဲနေတယ်လို့ ဒေသခံကျောက်လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးနော်အောင်က ဆိုပါတယ်။

၂၀၁၇ ကျောက်မျက်ဥပဒေမူကြမ်းကို ပြင်ဆင်မှုမပြုမခြင်း ဆန္ဒပြတောင်းဆိုမှုတွေ ဆက်လုပ်သွားမယ်လို့ ဦးဆောင်ပါဝင်သူတွေနဲ့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် PAN Naw Chya Kyi
Image caption တနိုင်တပိုင်တွေအတွက်လည်း ခက်ခဲ

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ