ဖမ်းဆီးခံ ရိုက်တာသတင်းထောက် ၂ ဦး သတင်း လွတ်လပ်ခွင့်ဆုရ

သတင်းထောက်တွေ ဖမ်းဆီးခံခဲ့ရတာ နှစ်လကျော်ကြာသွားပါပြီ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

သတင်းထောက်တွေ ဖမ်းဆီးခံခဲ့ရတာ နှစ်လကျော်ကြာသွားပါပြီ

အမေရိကန် အမျိုးသား စာနယ်ဇင်းကလပ် NPC က ပေးအပ်တဲ့ အော်ဗျူရွှန် သတင်း လွတ်လပ်ခွင့်ဆုကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားစွဲဆို ခံထားရတဲ့ မြန်မာ သတင်းထောက် နှစ်ယောက် ရရှိသွားပါတယ်။

ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးဟာ ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း အင်းဒင် ရွာမှာ ဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုနဲ့ ပတ်သက် တဲ့ သတင်းကို စုံစမ်း ရေးသားခဲ့တဲ့ အတွက် ဒီဆု ပေးအပ် ခံရတာ ဖြစ်ပါတယ်။

ဒီဆုဟာ အမေရိကန် နိုင်ငံသားတွေသာမက သတင်းလွတ်လပ်ခွင့်အတွက် လုပ်ဆောင်နေတဲ့ တကမ္ဘာလုံးမှာ ရှိတဲ့ သတင်းထောက်တွေကို ပေးအပ်တဲ့ ဆုလည်းဖြစ်ပါတယ်။

သတင်းထောက် ကိုဝလုံး ခေါ် ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့ဟာ ရခိုင်ပြည်နယ် ပဋိပက္ခ အကြောင်း ရေးသားဖို့ သတင်းအချက် အလက်တွေ စုံစမ်းနေစဉ် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးခံခဲ့ ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

သတင်းလွတ်လပ်ခွင့်ရှိမှ ရခိုင်အရေး ဖြေရှင်းနိုင်မယ်

ရခိုင်အရေးနဲ့ပတ်သက်လို့ လွတ်လွတ်လပ်လပ် သတင်းရေးသား ဖော်ထုတ်ခွင့် မရရင် ရခိုင်ပဋိပက္ခကို ဖြေရှင်းရာမှာ အစိုးရ အတွက် အခက်အခဲ ရင်ဆိုင်ရလိမ့်မယ်လို့ ကိုဝလုံးက ပြောပါတယ်။

သတင်းထောက် ကိုဝလုံးကိုယ်တိုင် ဒီဆုကို လက်ခံရစေချင်တယ် အမြန်ဆုံး ပြန်လွတ် လာနိုင်မယ်လို့ မျှော်လင့်ကြောင်း သူ့ဇနီး မပန်းအိက ပြောပါတယ်။

သူတို့ကို ဖမ်းတုန်းက ရခိုင်ပြည်နယ် မောင်တော ဒေသက မြင်းလွတ် ရဲစခန်းရဲ့မြေပုံကြမ်း စာရွက်နဲ့ အမှတ် ၈ လုံခြုံရေးတပ်ရဲ့ ကွပ်ကဲ ဒေသမှာ ရှိတဲ့ ကျေးရွာတွေရဲ့ မီးလောင် အခြေအနေနဲ့ လူနေထိုင်တဲ့ အခြေအနေတွေကို ဖော်ပြထားတဲ့ စာရွက် တွေ့ရတဲ့အတွက် သတင်းသမား နှစ်ယောက်ဟာ သတင်း အချက်အလက်ကို တရားမဝင်ယူဖို့ ကြိုးစားတယ်ဆိုပြီး လျှို့ဝှက် အက်ဥပဒေ ပုဒ်မနဲ့ အစိုးရက တရားစွဲဆိုထားတာဖြစ်ပါတယ်။

မကြာသေးခင်က အင်းဒင်ရွာသား ၁၀ယောက် အသတ်ခံရတဲ့ အကြောင်းကို ရိုက်တာ သတင်းထောက် နှစ်ယောက် ရေးသားထားတဲ့ သတင်း ထုတ်ပြန်ခဲ့ ပြီးတဲ့နောက် အခုလို ဆုရရှိ ခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ,

ထိန်းသိမ်းခံ ဖခင်နဲ့ သမီးငယ်ကြားက သံယောဇဉ်

ဆုရတဲ့ အကြောင်း သတင်းထောက်တွေကိုယ်တိုင်နဲ့ သူတို့ မိသားစုတွေက သိရှိပြီး ဖြစ်ပါတယ်။

ဆုရတာ ဝမ်းသာပေမဲ့ မိသားစုတွေ ပြန်ဆုံဖို့ကိုတော့ အမျှော်လင့်ဆုံး ဖြစ်တယ်လို့ ကလေးငယ်ရှိတဲ့ ကိုကျော်စိုးဦးရဲ့ ဇနီးက ပြောပါတယ်။

ရိုက်တာ သတင်းထောက်တွေကို ဖမ်းဆီး အရေးယူမှု အတွက် ပြည်တွင်းပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းတွေက ကန့်ကွက် နေကြပြီး မြန်မာ့ သတင်းမီဒီယာ လွတ်လပ်ခွင့် ကိုလည်း နိုင်ငံ တကာက မေးခွန်းထုတ်နေကြပါတယ်။

ဗီဒီယို ပုံစာ,

ရိုက်တာ သတင်းထောက်တွေကို စွဲချက်တင်