နယ်စပ်မှာ မြန်မာတပ်ဖွဲ့တွေ တိုးမြှင့် ချထားတာ ကန့်ကွက်ခံရ

Image caption ယာယီတဲတွေမှာ လူ ၂ ထောင် ဝန်းကျင် ဆက်လက် သောင်တင်နေ

ရရှိထားတဲ့ လုံခြုံရေး သတင်းတွေအရ မြန်မာတပ်တွေ ဘင်္ဂလားဒေ့ရှ်နယ်စပ် အနီး တိုးမြှင့် ချထားရတာ ဖြစ်တယ်လို့ အစိုးရ ပြောခွင့်ရ ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

မြန်မာ စစ်တပ်နဲ့ ရဲ ပူးပေါင်း အင်အား ၂ဝဝ ကျော်ဟာ လက်နက် အပြည့်အစုံနဲ့ နယ်စပ်စည်းရိုးနား ချည်းကပ်လာတဲ့ အပြုအမူဟာ ကျူးလွန်ရန်စရာ ရောက်တယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် ဘက်က ကန့်ကွက် နေပါတယ်။

အဲဒီလို မြန်မာတပ်တွေ လှုပ်ရှားလာလို့ ဆိုပြီး ဒက္ကာမှာ ရှိတဲ့ မြန်မာ သံအမတ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရုံးက ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က ဆင့်ခေါ်ပြီး ကန့်ကွက်စာ တရားဝင် ပေးခဲ့ပါတယ်။

အဲဒီစာ သမ္မတရုံးကို ရောက်မလာသေးဘူးလို့ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ဦးဇော်ဌေးက ဖြေဆိုသွားပါတယ်။

Image caption ပြန်လာဖို့ မြန်မာအာဏာပိုင်တွေ ခေါ်ပေမယ့် ဒုက္ခသည်တွေ လက်မခံ

လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုတွေ ခံခဲ့ရတဲ့ နယ်စပ် ဒေသမှာ လုံခြုံရေး စိုးရိမ်မှု အရ အင်အားတိုးချရတာ ဖြစ်ပြီး၊ ဒီအပြုအမူဟာ နှစ်နိုင်ငံ သဘောတူမှုကို ချိုးဖောက်ရာ မရောက်ဘူးလို့တော့ ဦးဇော်ဌေးက ဆိုပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူမှု အရ နယ်စပ်စည်းရိုးရဲ့ ကိုက် ၅ဝဝ အတွင်း အရပ်သားလက်နက်ကိုင်တွေ မချည်းကပ်ရလို့ ဆိုထားတဲ့ အတွက် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုဟာ သဘောတူမှု ချိုးဖောက်ရာ မရောက်ဘူးလို့ ဦးဇော်ဌေးက ဆိုပါတယ်။

နှစ်နိုင်ငံ ပိုက်နက် မဟုတ်ပဲ နိုင်ငံတကာ နယ်နမိတ် မျဉ်း ရိုဟင်ဂျာ ဒုက္ခသည် ထောင်နဲ့ချီ သောင်တင် နေတဲ့ နေရာတဝိုက် ဖြစ်ပါတယ်။

မတ်လ ၁ရက် ညပိုင်းနဲ့ ၂ ရက်နေ့ မနက်ပိုင်းမှာ သေနတ်သံ တချို့ ထွက်လာတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင် သတင်းရင်းမြစ်တွေက ပြောပေမယ့်၊ မြန်မာတပ်ဘက်ကတော့ သူတို့ ပစ်ခတ်တာ မဟုတ်ဘူး ဆိုပြီး ငြင်းဆို ထားတယ်လို့ ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာတွေ ပြန်ခေါ်ရေး သဘောတူ

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ