ရန်ကုန်ဟာ ကမ္ဘာမြို့ကြီးတွေထဲ ဒုတိယ မလုံခြုံဆုံး

Image caption ရန်ကုန်မြို့လယ် မြင်ကွင်း တနေရာ

လန်ဒန်မြို့ အခြေစိုက် နာမည်ကျော် Economist မဂ္ဂဇင်းရဲ့ သုတေသန ဌာန ဖြစ်တဲ့ The Economist Intelligence Unit (EIU)ကနေ ကမ္ဘာ့ မြို့ကြီး ပေါင်း ၆ဝ ကို လေ့လာပြီး ထုတ်ပြန်လာတဲ့ ၊ ၂၀၁၇ ခုနှစ်အတွင်း လုံခြုံစိတ်ချရတဲ့ မြို့ပြ ရည်ညွှန်းကိန်း ထဲမှာ ၊ ရန်ကုန်မြို့ ဟာ လုံခြုံစိတ်ချရမှု အနည်းဆုံး တွေထဲ ဒုတိယ လိုက်တာကို တွေ့ရပါတယ်။

ကျန်းမာရေး၊ အခြေခံ အဆောက်အဦ၊ အွန်လိုင်းနဲ့ ရာဇဝတ်မှုဆိုင်ရာ ကဏ္ဍတွေကို အဓိကထား ဆန်းစစ်ထားရာမှာ ထိပ်ဆုံး ၅ မြို့ ဖြစ်တဲ့ တိုကျို၊ စင်္ကာပူ၊ အိုဆာကာ၊ တိုရွန်တိုနဲ့ မဲလ်ဘုန်း မြို့တွေကတော့ လုံခြုံမှု အရှိဆုံး မြို့တွေ ဖြစ်ပါတယ်။

လက်ရှိ အစိုးရ လက်ထက်မှာ လှိုင်သာယာ ၊ ရွှေပြည်သာ နဲ့ ရွှေပေါက်ကံလို နေရာတွေမှာ အုပ်စုဖွဲ့ရမ်းကားနေတဲ့ လူမိုက်ဂိုဏ်းတွေ ရှိနေဆဲ ဖြစ်ပြီး ဒါနဲ့ ပတ်သက်လို့ ခရိုင်ရဲမှူး နဲ့ ရဲချုပ်တွေကို ခေါ်မေးထားပေမယ့် ဒါတွေကို ကိုင်တွယ်ဖို့ ခုချိန်ထိ ပေါ်လစီ မချရသေးတာ တွေ့ရတယ်လို့ ရန်ကုန်တိုင်း (ဆိပ်ကြီး ခနောင်တို) လွှတ်တော်အမတ် ဖြစ်တဲ့ ဒေါ်စန္ဒာမင်း က ပြောပါတယ်။

ပြည်သူ့လွှတ်တော်မှာ လူလတ်တန်းစားတွေ အတွက် ကျန်းမာရေးအာမခံချက် ချမှတ်ပေးဖို့ တောင်းဆိုခဲ့တာ ရှိပေမယ့် အကောင်အထည် မပေါ်နိုင်သေးဘဲ စရိတ်မျှပေး ကျန်းမာရေး ဆိုတာ အရင်က ရှိခဲ့ပေမယ့် အခုတော့ လူတိုင်း ကျန်းမာပျော်ရွှင်ဖို့ ဆိုပြီး နိုင်ငံတော်က ဖြည့်ဆည်း ဆောင်ရွက်ပေးနေတာမျိုး ရန်ကုန်တိုင်း အတွင်းမှာ တော်တော်များများ ဖော်ဆောင်မှု ရှိကြောင်း ဒေါ်စန္ဒာမင်းက ထောက်ပြခဲ့ပါတယ်။

နောက်ပိုင်းမှာ ကျန်းမာရေး အာမခံ ထားနိုင်တဲ့ စံနစ်ဆီကို ဇောင်းပေး သွားနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိတော့ ရန်ကုန်မြို့ကြီးဟာ လူရှစ်သန်း နီးပါး နေထိုင်လျက် ရှိတဲ့ မြို့ဟောင်း မြို့ပျက်ကြီး သဖွယ် ဖြစ်နေကာ ၀န်ထမ်းအင်အားကလည်း အပြည့်အဝ ၀န်ဆောင်မှု ပေးနိုင်တဲ့ အနေအထားမျိုး မရှိတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

မြို့နေ လူထု ရေကောင်းရေသန့် ဘယ်လို ရနိုင်မလဲ ၊ လျှပ်စစ်မီး ရနိုင်ဖို့ အပြင် လမ်းတံတား စီမံဖို့ နဲ့ လမ်းတွေပေါ် ကားတွေ ကြပ်နေတဲ့ ကိစ္စ ဘယ်လို ချဲ့မလဲ ဆိုတာတွေက အကြီးအကျယ် စိန်ခေါ်မှု တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြို့သစ် စီမံကိန်း ဆောင်ရွက်နိုင်အောင် မဟာရန်ကုန် စီမံချက် ၂၀၄၀ ဆိုတဲ့ JICA စီမံချက် ရေးဆွဲနေပြီး လက်ရှိ မြို့ဟောင်းကို ကိုင်ကွယ် ဆောင်ရွက်နေသလို မြို့သစ် ခုနှစ်ခုကိုလည်း ချမှတ်ဆောင်ရွက် နေရာမှာ အခုတော့ အုတ်မြစ်ချ အနေအထားဘဲ ရှိနေသေးတာကြောင့် နောင်ငါးနှစ်ကျမှ အကောင်အထည်ပေါ် မြင်ရမှာ ဖြစ်တယ်လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။

၁၁ ရာစု အစောပိုင်းမှာ မွန်တွေ က ဒဂုံလို့ ခေါ်တွင်ပြီး စတည်ထောင်ခဲ့ရာကနေ ပေါ်ထွက်လာတဲ့ ရန်ကုန်မြို့ကြီးဟာ ကိုလိုနီခေတ်မှာ စစ်ဒဏ် အမျိုးမျိုးလည်း ခံခဲ့ရပြီး ၂၀၀၆ ခုနှစ် အထိ မြန်မာ နိုင်ငံရဲ့ မြို့တော် အဖြစ် သတ်မှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ