ရေစကြို မီးကြောင့် လူ တစ်ထောင်နီးပါး ဒုက္ခရောက်

Image caption လူ သေဆုံးမှု မရှိပေမယ့် ထိခိုက် ဒဏ်ရာ ရသူ ၄ ဦး ခန့်ရှိ

မကွေး တိုင်း ဒေသကြီး၊ ရေစကြို မြို့နယ်၊ သစ်ကြီးတော ကျေးရွာမှာ မတ်လ ၃ ရက်နေ့ ည က မီးလောင်မှု ဖြစ်ပွား ခဲ့တာကြောင့် အိမ်ခြေပေါင်း ရာနဲ့ချီ ပျက်စီး ဆုံးရှုံး ခဲ့ရပြီး လူ တစ်ထောင် နီးပါး ဟာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

အဲဒီ မီးဘေးကြောင့် ဒုက္ခ ရောက်ရသူတွေ ထဲမှာ မကြာခင်မှာ ကျင်းပ တော့မယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကို ဖြေဆိုကြမဲ့ ကျောင်းသား ဆယ်ဦးလောက် ပါဝင် တယ်လို့ သိရပါတယ်။

စာမေးပွဲ ဖြေဆိုဖို့ ရှိနေတဲ့ ကျောင်းသား တွေ အတွက် ပညာရေး ဝန်ကြီး ဌာန နဲ့ လူမှု ကူညီ ရေး အသင်းတွေက စားမေးပွဲ ဖြေဆို နိုင်ဖို့ အကူအညီ တွေ ပေးနေကြပါတယ်။

ကလေးငယ် နှစ်ယောက် ညစာ အတွက် ကြက်ဥကြော် ရာ ကနေပြီး မီးလောင်မှု ဖြစ်ပွား ခဲ့တာ လို့ NLD ပါတီ လူငယ်ကွန်ရက် တာဝန်ခံ ဟောင်း ကိုကျော်သူသူ က ဘီဘီစီကို ပြောပါတယ်။

မီးလောင်မှုကြောင့် လူ သေဆုံးမှု မရှိပေမယ့် ထိခိုက် ဒဏ်ရာ ရသူ ၄ ဦး ခန့်ရှိတယ်လို့ ကိုကျော်သူသူ က ပြောပါတယ်။ သူတို့ရဲ့ ဒဏ်ရာ အခြေအနေ ကလည်း စိုးရိမ်စရာ မရှိဘူးလို့ သူက ဆိုပါတယ်။

မီးဘေး ဒုက္ခ ခံစားနေရသူတွေကို နီးစပ်ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း နဲ့ ဆွေးမျိုးနီးစပ် အိမ်တွေမှာ နေရာချ ထားပေးထားပါတယ်။

မီးဘေး ခံစား ခဲ့ရသူတွေကို လူမှု ကူညီရေး အသင်းတွေနဲ့ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချ ထားရေး ဦးစီးဌာနက လောလောဆယ်မှာ ကူညီ မှုတွေ ပေးနေပြီး အိမ်ထောင်စု တစ်စု ကို ကျပ်ငွေ တစ်သိန်း နဲ့ အခြား အသုံးအဆောင် ပစ္စည်းတွေ လာရောက် လှူဒါန်း မှုတွေ လည်း လုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ