မြန်မာ ၁ ဦးနဲ့ တရုတ် ၁ ဦးကို ဝ တပ်ဖွဲ့ သေဒဏ် အပြစ်ပေး

ဓာတ်ပုံ မူပိုင် Wa WSTV
Image caption သေဒဏ်ကျခံရသူ နှစ်ဦးကို တွေ့မြင်ရစဉ်

ဝ ဒေသ မိုင်းမော ခရိုင်အတွင်း လူသတ်ပြီး ကားလုယက်မှု ကျူးလွန်ခဲ့တဲ့ မြန်မာနိုင်ငံသား ၁ ဦးနဲ့ တရုတ်နိုင်ငံသား ၁ ဦးတို့ကို ဝ ဒေသကို အုပ်ချုပ်နေတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့က မတ်လ ၄ ရက်နေ့က သေဒဏ် အပြစ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနစ် သြဂုတ်လအတွင်းက မိုင်းမောခရိုင် လုံထန်မြို့နယ်အတွင်းမှာ ပန်ဆန်းကနေ မိုင်းမောကို ငှားရမ်းလာတဲ့ ကားတစီးပေါ် ပါလာတဲ့ ကားပိုင်ရှင် ဇနီးမောင်နှံကို ကားငှားလာသူ အမျိုးသား ၂ ဦးက သတ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ကျူးလွန်သူ အမျိုးသား နှစ်ဦးကိုဖမ်းဆီးစစ်ဆေးခဲ့ပြီး ဝ တရားရေးဌာနဘက်က သေဒဏ်ချမှတ်ခဲ့တာလို့ ဝ တပ်ဖွဲ့ရဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ဘီဘီစီကို ပြောပါတယ်။

အခင်းဖြစ်ပွားပြီး မကြာခင်မှာပဲ တဦးကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်သလို အခြားတယောက်ကိုတော့ တလကျော်ကြာမှ တရုတ်နယ်စပ်နားမှာ ဖမ်းမိခဲ့တာလို့ ဦးညီရမ်းက ပြောပါတယ်။

တရားခံ အမျိုးသား နှစ်ဦးကို လူပုံအလယ်မှာ ကွပ်မျက်ခဲ့နေတာကို ဝ ရုပ်မြင်သံကြား သတင်းထုတ်လွှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံသားအမည်ကတော့ ဦးရန်ချန်းဖြစ်ပြီး တရုတ်အမျိုးသားအမည်ကိုတော့ သူ့အနေနဲ့ မသိရှိရကြောင်း ဦးညီရမ်းက ပြောပါတယ်။

ဝ ဒေသမှာ လူသတ်မှုကျူးလွန်တဲ့သူတွေကို သေဒဏ်ပေးတဲ့ အလေ့အထရှိပြီး အရင်ကလည်း ဝ နယ်ထဲမှာ ပြစ်မှု ကျူးလွန်တဲ့ တရုတ်နိုင်ငံသား အချို့ကိုလည်း သေဒဏ်ပေးခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။

ဓာတ်ပုံ မူပိုင် Wa WSTV
Image caption သေဒဏ်အပြစ်ပေးမှုကို လာရောက်ကြည့်ရှူနေသူတွေ

ဝ နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကွန်မြူနစ်ပါတီ အုပ်ချုပ်တဲ့ တရုတ်ပြည်ဟာ ကြီးလေးတဲ့ ပြစ်မှုတွေအတွက် သေဒဏ်အပြစ်ပေးတဲ့ စနစ်ကို ကျင့်သုံးတဲ့ တိုင်းပြည်လည်း ဖြစ်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်လာတဲ့ ၁၉၈၉ ခုနစ်ကတည်းက ဝ ဒေသမှာ တရားရေးဌာနကို ဖွဲ့စည်းခဲ့တယ်လို့ ဦးညီရမ်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ