ငြိမ်းစုစီဥပဒေ ပြင်ဆင်မှုကို ကန့်ကွက်

Image caption NLD အစိုးရ လက်ထက်မှာ ဒုတိ အကြိမ် ပြင်ဆင်ဖို့ ကြိုးစားနေတာဖြစ်

ငြိမ်းချမ်းစွာ စုဝေး ခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပါ ပြင်ဆင်ချက် တချို့ကို ကန့်ကွက်တဲ့ အနေနဲ့ လူတွေ ရာနဲ့ချီပြီး ချီတက် ဆန္ဒပြခဲ့ကြ ပါတယ်။

ဒီဥပဒေကြမ်းဟာ ဒီမိုကရေစီ စံချိန် စံညွှန်းတွေကို ချိုးဖောက်ရာကျတယ် ဆိုပြီး ကန့်ကွက်သူ တွေက ပြောနေတဲ့ အထဲမှာ စီတန်းလှည့်လည် လိုသူတွေ အနေနဲ့ ခန့်မှန်း ကုန်ကျ စရိတ်အပြင် ကုန်ကျ ခံမယ့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း ကိုပါ တင်ပြရမယ်လို့ ပြင်ဆင် ဖြည့်စွက် ထားတဲ့ အချက် ပါဝင် ပါတယ်။

ရှေ့နေ ဦးရောဘတ် ဆန်းအောင် ကတော့ ငြိမ်းစုစီ ဥပဒေကြမ်း ပြင်ဆင်ချက်မှာ ပါတဲ့ အချက် တွေဟာ အချိန် အကန့်အသတ် တစ်ခုအထိ ပြဌာန်းသွားဖို့ တကယ် လိုအပ်နေတယ်လို့ ပြော ပါတယ်။

တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းနဲ့ မတည်မငြိမ် ဖြစ်အောင် လုပ်လိုသူတွေ ရှိနေတဲ့ အတွက် ဥပဒေကို အစိတ်အပိုင်း တစ်ခုသာ ပြင်ဆင်ဖို့ ဆောင်ရွက်တာ ဖြစ်ပြီး ဒါကို လုံးဝ ပစ်ပယ်လိုက်ရင် တိုင်းပြည် အစိတ်စိတ် အမွှာမွှာ ကွဲသွားနိုင်တယ်လို့ သူက ပြောပါတယ်။

ငြိမ်းစုစီ ဥပဒေလို့ အများခေါ်ကြတဲ့ အဲဒီ ဥပဒေ ပြင်ဆင်ရေး လွှတ်တော်မှာ တင်သွင်း ခဲ့ကြ ပြီးနောက် မကျေနပ်သူတွေ ပေါ်ထွက် လာခဲ့ ပါတယ်။

Image caption သခင်မြပန်းခြံကနေ မြို့တော် ခမ်းမကို ချီတက် ဆန္ဒပြခဲ့

လွှတ်တော်မှာ တင်လာတဲ့ ဥပဒေကြမ်းက ပြည်သူတွေရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ကို ကန့်သတ် လိုက်တာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အရပ်ဖက် လူ့အဖွဲ့ အစည်းတွေ တက်ကြွ လှုပ်ရှားသူတွေနဲ့ တသီးပုဂ္ဂလ ကန့်ကွက်လိုသူတွေ စုပေါင်းထားတဲ့ လူတန်းကြီးက ရန်ကုန်မြို့ သခင်မြ ပန်းခြံမှာ စုဝေးပြီးနောက် မြို့တော် ခန်းမရှေ့ကို စီတန်း လမ်းလျှောက်ပြီး ဥပဒေကြမ်းကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ငြိမ်းစုစီ ဥပဒေကြမ်းကို ရန်ကုန်မှာ ကန့်ကွက် ဆန္ဒပြကြတဲ့ အချိန်မှာပဲ လွှတ်တော်မှာ ဒီဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ဆွေးနွေးခဲ့ကြရာမှာ ဥပဒေကြမ်းပါ အချက်တွေကို အတည် မပြုသေးပေမဲ့ ကန့်ကွက်သူ အမတ်အနည်းငယ်သာ ရှိပြီး အများစုက ထောက်ခံခဲ့ကြ ပါတယ်။

NLD အစိုးရ လက်ထက်မှာ မြေယာပြဿနာတွေကရှိနေဆဲဖြစ်ပြီး လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်ကိုပါ ကန့်သတ်ချက်တွေနဲ့ ထိန်းချုပ်လာတဲ့ အတွက် ဒီမိုကရေစီ စံနှုန်းတွေလျော့ကျလာပြီလား ဆိုတာ အစိုးရအဖွဲ့အနေနဲ့ပြန်လည်သုံးသပ်ဖို့လိုနေပြီလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမား တချို့က ဝေဖန် ပြောဆို နေကြပါတယ်။