အနိမ့်ဆုံး တရက်လုပ်ခ ၄၈၀ဝကျပ် တပြေးညီပေးမယ်

Image caption လစာတိုးရင် ကုန်ဈေးနှုန်းလည်း တက်လေ့ရှိလို့ အစိုးရအနေနဲ့ ကုန်ဈေးနှုန်းမတက်အောင် လုပ်ဆောင်ပေးစေလိုတယ်

အခြေခံအလုပ်သမားတွေ တောင်းဆိုနေကြတဲ့ အနိမ့်ဆုံးလုပ်ခလစာ တရက်ကို ကျပ် ၅၆၀၀ အစား ကျပ် ၄၈၀၀ ကို တပြေးညီ ပေးနိုင်မယ်လို့ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက သတ်မှတ်လိုက်ပါ တယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကဦးဆောင်ပြီး မတ်လ ၅ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ ပဉ္စမအကြိမ် အစည်းအဝေးမှာ တရက် အလုပ်ချိန် ၈နာရီအတွက် အနိမ့်ဆုံး လုပ်ခလစာ ၄၈၀၀ သတ်မှတ်လိုက်တာပါ။

သတ်မှတ်နှုန်းထားကို သမ္မတရုံးနဲ့ အစိုးရအဖွဲ့ကို ဆက်လက်တင်ပြပြီး အတည်ပြုမှု ရယူသွားမယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောဆိုခဲ့တယ်လို့ အလုပ်သမား ခေါင်းဆောင်တွေက ပြောပါတယ်။

အစိုးရအဖွဲ့က အတည်ပြုပေးပြီးရင် အလုပ်သမားတွေအနေနဲ့ လာမယ့်ဧပြီလဆန်းက စတင် ခံစားခွင့်ရရှိတော့မယ်လို့ အလုပ်သမား ကိုယ်စားလှယ်တွေက ပြောပါတယ်။

အလုပ်သမားတွေ တောင်းဆိုနေကြတဲ့ နှုန်းထားအတိုင်းမဟုတ်ဘဲ ကြားနှုန်းထားတရပ်ချမှတ်ခဲ့ရ တာကို အလုပ်သမားတွေအနေနဲ့ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ အစည်းအဝေးမှာ ပါဝင်ဆွေးနွေး ခဲ့တဲ့ အလုပ်သမား ခေါင်းဆောင် ဦးနော်အောင်က ပြောပါတယ်။

ဒီအစည်းအဝေးကို ကုန်ထုတ်လုပ်မှု၊ စက်မှု၊ ဝန်ဆောင်မှု၊ လယ်ယာစိုက်ပျိုးရေးနဲ့ ရေလုပ်ငန်း ကဏ္ဍ ကိုယ်စားပြု အလုပ်သမား ခေါင်းဆောင်တွေနဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

Image caption အစိုးရအဖွဲ့က အတည်ပြုပေးပြီးရင် အလုပ်သမားတွေအနေနဲ့ လာမယ့်ဧပြီလဆန်းက စတင် ခံစားခွင့်ရရှိတော့မယ်လို့ အလုပ်သမား ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒီသတ်မှတ်ချက်ကို မကျေနပ်ပေမယ့်လည်း လက်ခံသွားရမှာ ဖြစ်သလို အရင်နဲ့စာရင် နည်းနည်း အဆင်ပြေလာမယ်လို့ မျှော်လင့်တယ်လို့ ဒဂုံဆိပ်ကမ်းအထည်ချုပ် စက်ရုံက အလုပ်သမား မေဝေဝေအောင်က ပြောပါတယ်။

အခုသတ်မှတ်လိုက်တဲ့နှုန်းက လက်ရှိရနေတဲ့ တရက်လုပ်အားခ ကျပ် ၃၆၀၀ ထက် ပိုရရှိမှာဖြစ်ပေမယ့် လစာတိုးရင် ကုန်ဈေးနှုန်းလည်း တက်လေ့ရှိလို့ အစိုးရအနေနဲ့ ကုန်ဈေးနှုန်းမတက်အောင် လုပ်ဆောင်ပေးစေလိုတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

အနည်းဆုံး အခကြေးငွေကို ၂၀၁၅ စက်တင်ဘာလက စတင်သတ်မှတ်ခဲ့တာပါ။ ၂ နှစ် တကြိမ် အနည်းဆုံး လစာနှုန်းထား ပြင်ဆင်နိုင်တယ်ဆိုတဲ့ ဥပဒေသတ်မှတ်ချက်အရ ဒုတိယအကြိမ် ပြင်ဆင်နိုင်ဖို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက ညှိနှိုင်းဆွေးနွေးခဲ့ကြတလည်း ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ