ဘူးသီးတောင်မြို့နယ်က တဖက်နိုင်ငံကို စွန့်ခွာသူ ရှိနေဆဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption အခုလို ထွက်ပြေးတာဟာ တဖက်က လှုံဆော်မှုကြောင့်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က မွတ်ဆလင်ကျေးရွာသူ ကျေးရွာသား ၆၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာဖို့ မတ်လ ၅ ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း ပင်လယ်ကမ်းခြေကို ရောက်လာတယ်လို့ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဘီဘီစီကို ပြောပါတယ်။

မွတ်ဆလင် ကျေးရွာသားတွေ ဘင်္ဂလားဒေ့ရှ်ကို ခုလိုမထွက်ခွာတာ ရက်အတော်ကြာပြီ ဖြစ်ပေမယ့် အခုတော့ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် မြောက်ပိုင်း မွတ်ဆလင် ကျေးရွာက ရွာသားတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ခွာဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။

ထွက်ပြေးလာတဲ့သူတွေ အထဲမှာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်းနဲ့ ရသေ့တောင်မြို့နယ် မြောက်ပိုင်း ဆင်ခုံတိုင်၊ အာကာတောင်စတဲ့ ကျေးရွာတွေက လူတွေ ပါဝင်နေကြပါတယ်။

ဘူးသီးတောင်မြို့နယ်ဟာ ငြိမ်းချမ်းနေသလို အခုလို ထွက်ပြေးတာဟာ တဖက်က လှုံဆော်မှုကြောင့်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Image caption ထွက်ခွာသွားတဲ့သူ အများစုဟာ လက်လုပ်လက်စားတွေ ဖြစ်ကြပြီး ဝင်ငွေရနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်း နည်းရာကနေ စားဝတ်နေရေး အခက်အခဲကြောင့် ထွက်ပြေးကြတာလို့လည်း ဆိုပါတယ်။

အရင် ဘင်္ဂလားဒေ့ရှ်ကို ရောက်သွားတဲ့သူတွေထဲမှာ ဆွေမျိုး မိသားစုတွေ ပါဝင်နေတာကြောင့် လိုက်သွားတာလို့ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း သည်ကံခွဆုံ မွတ်ဆလင်ကျေးရွာက အာကဘာက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် စေတီတောင် ပတ်ဝန်းကျင် ရွာတွေကလည်း ရွာသား ၅၀၀ လောက် ထွက်ခွာသွားတယ်လို့ စေတီတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သန်းက ပြောပါတယ်။

ထွက်ခွာသွားတဲ့သူ အများစုဟာ လက်လုပ်လက်စားတွေ ဖြစ်ကြပြီး ဝင်ငွေရနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်း နည်းရာကနေ စားဝတ်နေရေး အခက်အခဲကြောင့် ထွက်ပြေးကြတာလို့လည်း ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ