ကေအန်ယူတပ်နဲ့ တပ်မတော်အကြားတိုက်ပွဲပြန်ဖြစ်

Image caption ကေအန်ယူ တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေ

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်မှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန် ယူရဲ့ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာတနေရာမှာ တပ်မတော်နဲ့ ကေအန်ယူ တပ်သားအကြား မတ်လ ၅ ရက်နေ့မှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ အနီးက ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူတပ်မဟာ ၅ ရဲ့ ဌာနချုပ်ရုံးက အတည်ပြုပြောပါတယ်။

တပ်မတော်စစ်သားတွေဟာ သတ်မှတ်ထားတဲ့နယ်မြေကျော်လွန်ပြီး ဖားပွန်မြို့နယ်အတွင်းကရွာတွေဖြစ်တဲ့ လယ်မူပလောနဲ့ ထီးချီခီးရွာ အနားထိဝင်လာတဲ့အတွက် ကေအန်ယူတပ်ဖွဲ့က ပစ်ခတ်တားဆီးခဲ့တယ်လို့ ကေအန်ယူတပ်မဟာ ၅ ဌာနချုပ်ရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။

သူတို့က ကားလမ်းဟောင်းတခုကို အသစ်ပြန်ဖေါက်ဖို့ ကြိုပြီးနေရာလာယူထား တယ်လို့ သိရတယ်။ သူတို့က တဖြည်းဖြည်းနဲ့ ရွာတွေအထိဝင်လာမယ်ဆိုတော့ တိုက်ပွဲဖြစ်တာပေါ့။ တိုက်ပွဲကတော့ ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်လောက်ကြာတယ်လို့ တပ်မဟာ ၅ ဌာနချုပ်ရုံးက စောတီးပြေးက ဘီဘီစီကို ပြောတယ်။

လယ်မူပလောနဲ့ထီးချီခီးရွာတွေမှာ ရွာသား ၃၀ဝ လောက်နေထိုင်တယ်လို့သိရ ပါတယ်။

တိုက်ပွဲမှာအကျအဆုံးနဲ့ ထိခိုက်ဒဏ်ရာရတာကိုတော့ အသေးစိတ်မသိရသေးဘူး လို့ဆိုပါတယ်။

ကေအန်ယူတပ်ဖြစ်တဲ့ ကရင်လွတ်မြောက်ရေးတပ်မတော်ရဲ့ စစ်ရေးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ပီးလစိန် ကတော့ တိုက်ပွဲဖြစ်တာကိုကြားပေမဲ့ အခြေအနေအသေး အသေးစိပ်ကိုတော့ မသိရသေးဘဲ တရားဝင်ကြေးနန်းရောက်မှ အသေးစိပ်ကိုသိရမယ်လို့ ပြောပါတယ်။

ကေအန်ယူဟာ မြန်မာအစိုးရနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ် ထိုးထားတဲ့ အင်အားအကြီးဆုံးထဲက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့လည်း ဖြစ်ပါတယ်။

ကေအန်ယူတပ်နဲ့ တပ်မတော်တွေကြား နယ်ကျော်တဲ့အငြင်း အပွားမှု၊ မပြေလည်မှု အောက်ခြေမှာအနည်းငယ်ရှိဖူးပေမဲ့ အခုလိုတိုက်ပွဲဖြစ်ပွားမှု နည်းပါးခဲ့ပါတယ်။