ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ အင်ဒရူး ဂေးလ်မောဆို

Image caption အရပ်သားတွေ ဆက်လက်ပြေးနေရတယ်လို့ ကုလပြော

မြန်မာနိုင်ငံထဲ ရိုဟင်ဂျာတွေ အပေါ် လူမျိုးရေး အရ သုတ်သင်ရှင်းလင်းမှုတွေ ဆက်လက်ရှိနေတယ် ဆိုပြီး ethnic cleansing ဆိုတဲ့ ဝေါဟာရကို အသုံးပြုလို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ထိပ်တန်း အရာရှိ တစ်ယောက်ဖြစ်တဲ့ အင်ဒရူး ဂေးလ်မောက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်ဖြစ်တဲ့ အင်ဒရူး ဂေးလ်မောဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲ သွားရောက်ခဲ့အပြီး အခုလို စွပ်စွဲ ပြောဆိုလာတာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း မစ္စတာ ဂေးလ်မောက ဆိုပါတယ်။

ရိုဟင်ဂျာ အရပ်သားတွေ အပေါ်မှာ ပစ်မှတ်ထားပြီး တိုက်ခိုက်တာမျိုးတွေ မလုပ်ဆောင်ခဲ့ဘူး ဆိုပြီး မြန်မာ အစိုးရ စစ်တပ်ကတော့ အစဉ် ငြင်းဆိုထားပါတယ်။

Image caption နှစ်နိုင်ငံကြား သောင်တင်နေသူတွေရှိ

ကော့ဆက်ဘဇားနယ်ထဲက ဒုက္ခသည် စခန်းတွေမှာ မြင်တွေ့ ကြားသိ ခဲ့ရသမျှ ဆိုရင် လူမျိုးရေး ရှင်းလင်း ခံခဲ့ရတယ် ဆိုတာကလွဲပြီး တခြားကောက်ချက်မျိုး မချနိုင်ဘူးလို့ မစ္စတာ ဂေးလ်မောက ဆိုပါတယ်။

သွေးမြေကျစေတဲ့ ဖြစ်ရပ်တွေ၊ မုဒိန်းပြုကျင့်မှုတွေ အတားအဆီးမရှိ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ပုံစံမျိုးကနေ အခုဆိုရင် လူတွေကို ခြောက်လှန့်ပြီး ငတ်မွတ်အောင် ပြုလုပ်တဲ့ ပုံစံမျိုး ဖြစ်လာနေပြီလို့ မစ္စတာ ဂေးလ်မောက ပြောပါတယ်။

ဒီလို အခြေအနေမျိုးမှာ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ထဲ ပြန်ဖို့ ဆိုတာ မဝေးလှတဲ့ ကာလမှာ ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ၊ ရေရှည် သဘောမျိုး ပြန်နိုင်ဖို့ ဆိုတာ ဖြစ်လာဖွယ်ရာ မရှိဘူးလို့ မစ္စတာ ဂေးလ်မောက ဆိုပါတယ်။

Image caption နယ်စပ်မှာ စောင့်ကြည့်နေတဲ့ မြန်မာတပ်ဖွဲ့

ဒုက္ခသည် ပြန်လည် လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီလို့ မြန်မာ အစိုးရက ကမ္ဘာကို ပြောနေပေမယ့် မြန်မာ တပ်ဖွဲ့တွေကတော့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဘက် တွန်းပို့ နေတယ်လို့ မစ္စတာ ဂေးလ်မောက စွပ်စွဲ ပြောဆိုပါတယ်။

မြန်မာနိုင်ငံထဲက လတ်တလော ထွက်ပြေးလာသူတွေနဲ့ တွေ့ဆုံပြီး လက်ရှိ အခြေအနေတွေကို လေ့လာခဲ့တာ ဖြစ်တယ်လို့ မစ္စတာဂေးလ်က ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်