ထောင်ကျကျောင်းသားတွေ ၁၀ တန်းစာမေးပွဲဖြေဖို့ပြင်

ဓာတ်ပုံ မူပိုင် Reuters
Image caption ထောင်ကျ ကျောင်းသားတွေ အတွက် အင်းစိန်ထောင်နဲ့ အိုးဘိုထောင်မှာ စာစစ်ဌာနတွေ စီစဉ်ပေး

မြန်မာနိုင်ငံ တဝန်း မတ်လ ၇ ရက်နေ့မှာ စတင်မယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို အကျဉ်းထောင် တွေမှာ အကျဉ်းကျနေတဲ့ ကျောင်းသူ ကျောင်းသားတွေလည်း ပါဝင် ဖြေဆိုသွားဖို့ ပြင်ဆင်နေပါတယ်။

မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အကျဉ်းထောင်တွေ ကနေ ပြစ်ဒဏ်ကျ အကျဉ်းသား ၁၀၄ ယောက် ပါဝင် ဖြေဆိုဖို့ရှိပါတယ်။

အင်းစိန် နဲ့ မန္တလေး အကျဉ်းထောင် နှစ်ခုမှာ စာစစ်ဌာန တွေဖွင့်ပြီး ဖြေဆိုနိုင်အောင် စီစဉ် ပေးထားတယ်လို့ အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဘီဘီစီကို ပြောပါတယ်။

စာမေးပွဲ ဖြေလိုတဲ့ ကျောင်းသားတွေက သက်ဆိုင်ရာ ပညာရေးဌာနကနေ ပညာအရည်အချင်း ထောက်ခံချက်တောင်ခံပြီးမှန်ကန်ရရင် အကျဉ်းဦးစီးဌာနက ဖြေဆိုခွင့် လျှောက်ပေးတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အကျဉ်းထောင်တွေ ကနေ ၄၁ ယောက် ဝင်ဖြေခဲ့ရာမှာ အိုးဘိုထောင် တစ်ခုတည်းက ၇ ယောက် အောင်မြင်ခဲ့ပါတယ်။

ဂုဏ်ထူးတွေနဲ့ ထူးထူးချွန်ချွန် အောင်မြင် ခဲ့ကြသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေး ခဲ့တာလည်း ရှိပါတယ်။

ပြစ်ဒဏ်ကျနေပေမဲ့ ကျောင်းတက်လိုသူတွေကို ထောင်လုပ်ငန်းတွေ လုပ်စရာ မလိုဘဲ ထောင်ထဲက စာသင်ကျောင်းမှာ စာသင်နိုင်အောင် စီစဉ်ပေးထားတယ်လို့ ဦးမင်းထွန်းစိုးပြောပါတယ်။

အကျဉ်းသားကျောင်းသား အကျဉ်းထောင်တွေမှာ ပညာဆက်လက် သင်ကြားနိုင်အောင် သူတို့နဲ့ နီးစပ်တဲ့ ကျောင်းတွေကဆရာတွေ ထောင်ထဲကို အချိန်ပိုစာလာသင်ပေးတာ၊ ပြဟ်ဒဏ်က ကျောင်းဆရာတွေက ကျွမ်းကျင်ဘာသာရပ် အလိုက် ပြန်သင်ပေးတာ အပါအဝင် ပညာသင်ကြားရေး အစီအစဉ်တွေ လုပ်ဆောင်ပေးတယ်လို့လည်း သူက ဆိုပါတယ်။

ပြစ်ဒဏ်ကျ ကျောင်းသား ကျောင်းသူတွေ ပညာရေး အဆက်မပြတ် အောင် အခုလို လုပ်ဆောင်ပေးတာ တိုးတက်မှုလို့ ဆိုနိုင်ပေမဲ့ အကျဉ်းသားတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကလည်း ရှိနေဆဲလို့ လူ့အခွင့်အရေး ကော်မရှင်က ပြောထားပါတယ်။

ဆက်စပ် အကြောင်းအရာများ