KNPPနဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အလွတ်သဘော တွေ့ဆုံ

Image caption KNPPနဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အကြား တရားဝင် ဆွေးနွေးပွဲကို လွိုင်ကော်မှာ ကျင်းပဖို့ KNPP က အဆိုပြုထား

KNPP ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီနဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ မတ်လ ၇ရက်နေ့က အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။

ဒါဟာ NCA တနိုင်ငံလုံး အပစ်ရပ်စဲရေး အကောင်အထည်ဖေါ်တဲ့ ဖြစ်စဉ် စတင်ချိန်ကစလို့ KNPP နဲ့ အစိုးရအကြား ပထမဆုံးအကြိမ် နှစ်ဘက် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်သလို KNPP နဲ့ အစိုးရအကြား ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုခဲ့တဲ့ ၆နှစ်မြောက်တဲ့ နေ့လည်း ဖြစ်တယ်လို့ KNPP ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

KNPP ဟာ ၂၀၁၂ခုနှစ် မတ်လ ၇ရက်နေ့မှာ အစိုးရနဲ့ ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ် ရေးထိုး ခဲ့တာပါ။

ကရင်နီအဖွဲ့ KNPP နဲ့ အစိုးရတွေ့မယ်

ကရင်နီ ကေအန်ပီပီ အန်စီအေမှာ လက်မှတ်မထိုးနိုင်သေး

NCA လက်မှတ် ရေးထိုးပြီးတဲ့နောက် ငြိမ်းချမ်းရေး အကောင်အထည် ဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ ဆက်လက် ပါဝင်နိုင်ရေးနဲ့ ပတ်သက်လို့ UNFC ရဲ့ အဆိုပြုချက် ၈ချက်ထဲက မကြေလည်နိုင်သေးတဲ့ နိုင်ငံရေး ကိစ္စရပ်တွေ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ KNPP ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ ပြောခွင့်ရ ပုဂ္ဂိုလ် နဲနယ်ပလိုးက ဘီဘီစီ ကိုပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ နှစ်ဖက် ပွင့်ပွင့်လင်းလင်း အမြင်ချင်း ဖလှယ်ခဲ့ပြီး တရားဝင် ဆွေးနွေးပွဲကို လွိုင်ကော်မြို့မှာ ကျင်းပဖို့ KNPP က အဆိုပြုခဲ့ကြောင်း၊ အစိုးရဘက်က ဒါကို သဘောတူခဲ့မယ် ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ နောက်ထပ် ခြေလှမ်း တလှမ်း လှမ်းနိုင်တဲ့ သဘောမျိုး ဖြစ်ပြီး ဒါဟာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုရဲ့ အောင်မြင်မှု ရလဒ်တခုလို့ ယူဆကြောင်း နဲနယ်ပလိုးက ပြောပါတယ်။