တရားဥပဒေစိုးမိုးရေး ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲ

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office Facebook
Image caption တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ရာမှာ ရဲတပ်ဖွဲရဲ့ စွမ်းဆောင်ရည် အလွန်အရေးပါတယ်လို့ ဒေါ်အောင်ဆန်း စုကြည်ပြော

တရားဥပဒေ စိုးမိုးရေးနဲ့ တရားမျှတမှု ရှိရေး ဆောင်ရွက်တဲ့ အခါ တွေ့ကြုံနေရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ရှေ့နေချုပ်က ပြော ပါတယ်။

ပြည်နယ်နဲ့တိုင်း ဒေသကြီးတွေမှာ တရားဥပဒေ စိုးမိုးရေး တရားမျှတမှု ရှိရေးအတွက် ကော်မတီတွေ စင်တာတွေ ဖွင့်ပြီး ဆောင်ရွက်နေပေမဲ့ ကော်မတီတွေရဲ့ ဥက္ကဋ္ဌ အများစုက သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း အစိုးရကရွေး ချယ် ပေးတဲ့သူတွေ ဖြစ်ပါတယ်။

အစိုးရ ခေါင်းဆောင်ပိုင်း ကနေ ဌာနဆိုင်ရာ အကြီးအကဲတွေ အဆင့်ဆင့်အပြင် အရပ်ဘက် အဖွဲ့ အစည်းတွေ၊ ရှေ့နေတွေ ပါဝင်ကြတဲ့ အဲဒီကော်မတီတွေက တရားဥပဒေ စိုးမိုးဖို့အတွက် တရားမျှတမှု ရှိအောင် ဆောင်ရွက်ရာမှာ တာဝန်ရှိသူတွေ ကြားပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတာက အဓိက အခက်အခဲ ဖြစ်တယ်လို့ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောပါတယ်။

လက်ရှိမှာ ဌာနစွဲ ပုဂ္ဂိုလ်စွဲတွေ ရှိကြတဲ့ အပြင် လုပ်ပိုင်ခွင့်တွေ ခွဲထားကြ တာကြောင့် ပူးပေါင်း ဆောင်ရွက်မှုပိုင်းမှာ အားနည်းရတာလို့ ရှေ့နေချုပ်ကဆိုပါတယ်။

တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲရဲ့ စွမ်းဆောင်ရည်ဟာလည်း အလွန်အရေးပါတယ်လို့ ညီလာခံ တက်ရောက်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် တရားမျှတမှု ရဖို့အတွက် တရားစီရင်ရေးစနစ်နဲ့ တရားရုံးတွေဟာ အားကောင်းခိုင်မာဖို့ လိုအပ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ကာလတစ်လျှောက် တရားမျှတရေး ကဏ္ဍမှာ ဆောင်ရွက် နေကြသူတွေ အပေါ် ပြည်သူရဲ့ယုံကြည် ကိုးစားမှု ကျဆင်းခဲ့တာတွေ၊ အဂတိလိုက်စားမှုတွေ၊ လုပ်ငန်း ကျွမ်းကျင်မှု နည်းပါးတာ စတဲ့ စိန်ခေါ်မှု တွေကို ဦးစားပေး ဖြေရှင်းဖို့ သူကတိုက် တွန်းပါတယ်

လေ့လာသူတွေ ကတော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တရားဥပဒေ စိုးမိုးရေးမှာ အရေးပါတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အတွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကတာ ဝန်ပေးတဲ့ ပြည်ထဲရေး ဝန်ကြီးက ဦးဆောင်နေတာ ဖြစ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်နိုင်သေး သရွေ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတရေးဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ ရှိနေဦးမယ်လို့ သုံးသပ် နေပါတယ်။

ဆက်စပ် အကြောင်းအရာများ