ကျေးလက်က အမျိုးသမီးတွေ ဘ၀မြှင့်တင်ဖို့လို

ဓာတ်ပုံ မူပိုင် Myanmar State Counsellor office
Image caption အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြား

ကျေးလက်နေ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ဖို နေပြည်တော်က ကွန်ဗင်းရှင်း စင်တာမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အတွက် ကုလသမဂ္ဂရဲ့ ဆောင်ပုဒ်ကတော့ အမျိုးသမီးများ ဘ၀မြှင့်တင်ဖို့ ကျေးလက်နဲ့ မြို့ပြတက်ကြွလှုပ်ရှားသူများ ပူးပေါင်းလို့ အခုပင်ကြိုးပမ်း ကြဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ GDP ရဲ့ ၃၀ ရာခိုင်နှုန်းဟာ လယ်ယာကဏ္ဍက ရရှိနေပြီး နိုင်ငံ လူဉီးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်မှာ နေထိုင်တာမို့ ကျေးလက်နေ အမျိုးသမီးထု ဟာ အင်မတန်မှ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ မြို့ပြမှာ နေထိုင်တဲ့ အမျိုးသမီးတွေထက် ကျေးလက်မှာ နေထိုင်နေကြတဲ့ အမျိုးသမီး တွေဟာ အဖက်ဖက်က နိမ့်ကျလျှက်ရှိတာကြောင့် ကျေးလက်နေ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ အဲဒီ အမျိုးသမီးတွေရဲ့ အရည်အချင်း မြှင့်တင်ပေးဖို့ ကိစ္စတွေ အထူး အလေးပေးဖို့ လိုနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်အခွင့်အရေးတွေ သိရှိဖို့လိုသလို မိမိတို့ရဲ့ တာဝန်တွေကို ကျေပွန်ဖို့လို့ လိုအပ်ကြောင်းနဲ့ အခွင့်အရေးသာ တောင်းခံပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိလို့ချင်ရင် ဒါဟာ အပေါင်း လက္ခဏာဆောင်မှာ မဟုတ်သလို အမျိုးသမီးများကို တန်ဖိုးထားဖို့ဆိုတာ မိခင်များကနေ စရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ပညာတက်များလေ အမျိုးသမီးတွေ အသိပညာများလေ ဖြစ်ပြီး ကျေးလက်က မိန်းကလေးတွေဆို အထက်တန်းပညာအတွင်း သူတို့ကို မြို့မှာ ကျောင်းလာထားရတာကြောင်း၊ တောမှာဆိုရင် မိန်းကလေးတွေဟာ လေးတန်း အထိသာ တက်ကြကြောင်း ၊ ပညာနိမ့်ပါးတဲ့ မိန်းကလေးတွေဟာ ပြောရဆိုရတဲ့ သူတို့ကို ရှင်းပြရတဲ့ အခါမှာ ခက်ခဲမှုတွေ ရှိတယ်လို့ ပုသိမ်မြို့က မယုသန္တာက ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွါးရေး လူမူ့ရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မူ့နှုန်းဟာ အမျိုးသားတွေထက် လျော့နည်း နေပါသေးသလို အခုနောက်ပိုင်းမှာလဲ အမျိုးသမီးတွေအကြမ်း ဖက်ခံရတာ၊ မုဒိမ်းမှု ဖြစ်ပွားတာနဲ့ သက်ငယ် မုဒိန်းမှု ဖြစ်ပွားတာ များပြားလာနေပါတယ်။

မြန်မာနိုင်ငံမှာတော့ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ရေး ဘဝလုံခြုံရေးနဲ့ ဖွံဖြိုးတိုးတက်ရေးတို့ အတွက် စီမံကိန်းရေးဆွဲပြီး လူမူ့ဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်လျှက်ရှိပါတယ်။

အဲဒီအတွက်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ရေးဆွဲနေပြီဖြစ်တယ်လို့ လူမူ့ဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးကပြောပါတယ်။

ခုချိန်ထိတော့ မြန်မာနိုင်ငံ အနှံ့အပြားက အမျိုးသမီးတွေ အကြမ်းဖက်ခံရတာ ၊ မတရားပြုကျင့်ခံရတာတွေ ကို နေ့စဉ်နီးပါးလိုလို ကြားနေရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ