လူမျိုးရေး ရှင်းလင်းမှု က အစိုးရ မူဝါဒမဟုတ်ဘူးလို့ မြန်မာ ပြော

ဓာတ်ပုံ မူပိုင် MOI
Image caption Understanding Myanmar မြန်မာ နိုင်ငံ အပေါ် နားလည်မှု ရှိရေး ဆိုပြီး မြန်မာ ကိုယ်စားလှယ် အဖွဲ့ က ရှင်းလင်း ပြောဆို ခဲ့

ရခိုင် ဒေသမှာ နိုင်ငံ တကာ က စွပ်စွဲ ပြောကြား နေတဲ့ လူမျိုးရေး ရှင်းလင်း တာ၊ လူမျိုးတုံး သတ် ဖြတ် တာတွေ လုပ်ဆောင် ခြင်း မရှိဘူး ဆိုပြီး မြန်မာ အစိုးရ ကိုယ်စားလှယ် တွေ က ပြောဆို လိုက်ပါ တယ်။

လူမျိုးတုံး ရှင်းလင်းမှုတွေ လုပ်ဆောင် နေတယ်ဆိုတဲ့ စွပ်စွဲ ပြောကြားမှု တွေ ကို အခါအား လျော်စွာ ကြားနေရပေမယ့် ဒီကိစ္စ တွေဟာ အစိုးရ ရဲ့ မူဝါဒ မဟုတ်ဘူး ဆိုပြီး နိုင်ငံတော် လုံခြုံရေး အကြံပေး လည်း ဖြစ်၊ အစိုးရ အဖွဲ့ရုံး ဝန်ကြီးလည်း ဖြစ်တဲ့ ဦးသောင်းထွန်း က ဘီဘီစီ ကို ပြောပါတယ်။

မတ်လ ၈ ရက်နေ့မှာ ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာ မြို့က ကုလသမဂ္ဂ လူ့ အခွင့် အရေး ကောင်စီ မှာ ရခိုင် ဒေသ က အခြေအနေ တွေ နဲ့ ပတ်သက်ပြီး Understanding Myanmar မြန်မာ နိုင်ငံ အပေါ် နားလည်မှု ရှိရေး ဆိုပြီး မြန်မာ ကိုယ်စားလှယ် အဖွဲ့ က ရှင်းလင်း ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပွဲ ကို မြန်မာ နဲ့ အိမ်နီးခြင်း နိုင်ငံတွေ အပြင်၊ ဥရောပ သမဂ္ဂ အဖွဲ့ က နိုင်ငံတွေ နဲ့ နိုင်ငံပေါင်း ၄၀ လောက် က ကိုယ်စားလှယ် တွေ တက်ရောက် ခဲ့ကြပါတယ်။

ရခိုင် ဒေသ အခြေအနေ တွေ နဲ့ ပတ်သက်လို့ နိုင်ငံတကာ က နားလည် နိုင်ဖို့ ဆွေးနွေး ပွဲ ကို ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း က အဓိက ဦးဆောင် ခဲ့ပြီး၊ UEHRD အဖွဲ့က ဒေါက်တာ အောင်ထွန်းသက် နဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီ နိုင်တို့ က ဆွေးနွေး ခဲ့ကြတာပါ။

မြန်မာ နိုင်ငံ ကို နိုင်ငံ တကာ ရဲ့ အမြင်မကြည်မှုတွေ ရှိနေပေမယ့် ရခိုင် ဒေသ က လက်ရှိ ဖြစ်ပေါ် တိုးတက် နေတဲ့ အခြေအနေ တွေကို လူ့အခွင့်အရေး ကောင်စီမှာ ရှင်းလင်း ပြောဆို ခဲ့တယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ တွေ ကို လူမျိုးရေး ရှင်းလင်းမှု တွေ လုပ်နေ ပြီး လူမျိုးတုံး သတ်ဖြတ်တဲ့ လက္ခဏာ မျိုး အထိ စစ်တပ် အနေနဲ့ ဆောင်ရွက် ခဲ့တယ် ဆိုပြီး တော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဥက္ကဋ္ဌ ဇာအိတ် အယ်ဟူစိန် က စွပ်စွဲ ပြစ်တင် နေတာပါ။

ဆက်စပ် အကြောင်းအရာများ