ဓာတ်အားပေးစက်ရုံသစ်တွေ တည်ဆောက်မယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption နှစ်စဉ် မဂ္ဂါဝပ် ၅၀၀ လောက် ဓာတ်အား လိုအပ်ချက်ရှိနေ

နိုင်ငံတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် နဲ့ ပတ်သက်လို့ ပြောဆိုမှုတွေ ရှိနေချိန်မှာပဲ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ လောင်စာသုံးဓာတ်အားပေး စက်ရုံတွေ တည်ဆောက်မယ့် သဘာဝဓာတ်ငွေ့ လောင်စာသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကြီးတွေကို အစိုးရက ချပြလိုက်ပါတယ်။

အခုစတင်မယ့် သဘာဝဓာတ်ငွေ့လောင်စာသုံးစက်ရုံ စီမံကိန်းကြီး ၄ ခုကနေ လက်ရှိ ပြည်တွင်းမှာဖြန့်ဖြူး နေတဲ့ လျှပ်စစ်ဓာတ်အားပမာဏလောက်ကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

စီမံကိန်းတွေကို ပြည်တွင်းက Supreme Trading Group ကုမ္ပဏီနဲ့ တရုတ် Zhefu Holding Group၊ Sinohydro Corporation၊ တိုယို-ထိုင်း ကုမ္ပဏီ၊ ပြင်သစ် တိုတယ်လ်နဲ့ ဂျာမနီ Siemens စတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ ဖက်စပ်လုပ်ကိုင်မှာဖြစ်ပြီး စီမံကိန်း စက်ရုံတွေကိုတော့ ဧရာဝတီတိုင်း ပုသိမ်မြို့က မီးလောင်ဂျိုင့် ၊ ရခိုင်ပြည်နယ်က ကျောက်ဖြူ ၊ တနင်္သာရီတိုင်းထဲက ကန်ပေါက် နဲ့ ရန်ကုန်တိုင်းအလုံ မြို့နယ်တွေမှာ တည်ဆောက်ဖို့ ရှိနေပါတယ်။

ပြည်ပကနေ တင်သွင်းတဲ့ သဘာဝဓာတ်ငွေ့အရည် LNG ကို ဒီစက်ရုံတွေမှာ ဓာတ်ငွေ့အဖြစ်ပြောင်းလဲပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှာပါ။ ဒီစီမံကိန်းဟာ ပြည်တွင်းက ၅ နှစ်စာ ဓာတ်အားလိုအပ်ချက်ဖြစ်တဲ့ မဂ္ဂါဝပ် ၃ ထောင်ကျော်လောက်ကို ဖြည့်တင်းပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ လျှပ်စစ်၊ စွမ်းအင် နဲ့ စီမံရေးရာ ဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ပြောပါတယ်။

ဒီစီမံကိန်းဟာ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းတာကြောင့် ကျောက်မီးသွေး နဲ့ ထုတ်လုပ်မယ့် ဓာတ်အားပေးစက်ရုံစီမံကိန်းတွေကို အခုအစိုးရ လက်ထက်မှာ လုပ်ကိုင်ခွင့်မပြုတော့ဘူးလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။

အခု သဘာဝဓာတ်ငွေ့သုံး ဓာတ်အားစက်ရုံစီမံကိန်းမှာတော့ သဘာဝပတ်ဝန်းကျင် ဆန်းစစ်လေ့လာမှုနဲ့ ပတ်သက်လို့ ပဏာမလေ့လာမှုဆိုင်ရာ အစီရင်ခံစာကို အစိုးရကဆန်းစစ်နေပြီး သဘာဝပတ်ဝန်းကျင် နဲ့ လူမှုပတ်ဝန်းကျင် အကျိုးသက်ရောက်မှုဆိုင်ရာ (EIA/SIA) ဆန်းစစ်မှုတွေကို ကုမ္ပဏီတွေဖက်က လုပ်နေဆဲဖြစ်ပါတယ်။

ဒီစက်ရုံတွေဟာ ပုဂ္ဂလိကပိုင်တွေဖြစ်တဲ့အတွက် ဝန်ကြီးဌာနကနေ ဓာတ်အားပြန်ဝယ်ယူရမှာမို့ ဓာတ်အားခ နှုန်းထားတွေကလည်း တက်လာဖို့ ရှိတယ်လို့ လျှပ်စစ် စွမ်းအင် နဲ့ စီမံရေးရာဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ပြောပါတယ်။

ဓာတ်အားခတွေ တက်မယ်ဆိုပေမယ့် ဒီပုဂ္ဂလိက ကုမ္ပဏီတွေဆီကနေ ဓာတ်အားခကို ဘယ်လိုနှုန်းထားနဲ့ ဝယ်ယူမယ်ဆိုတဲ့ power purchase agreement ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် ကိုတော့ မချုပ်ဆိုနိုင်သေးပါဘူး။

မြန်မာနိုင်ငံအနေနဲ့ လောလောဆယ်မှာ ဓာတ်အား မဂ္ဂါဝပ် ၃ ထောင်ကျော် ဖြန့်ဖြူးနေပေမယ့် လည်း နှစ်စဉ် မဂ္ဂါဝပ် ၅၀၀ လောက် ထပ်ပြီး ဓာတ်အား လိုအပ်ချက်ကလည်း ရှိနေပါတယ်။ ဒါကို ဖြည့်တင်းဖို့ အခုလို စီမံကိန်းကြီးတွေအပြင် လာအိုဆီကနေ ဓာတ်အားဝယ်ယူနိုင်ဖို့တွေကို MoU စာချုပ် ချုပ်ဆိုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ