တပ်မတော်က ဖမ်းဆီးခဲ့တဲ့ ကချင် ၂ ဦးရဲ့ အလောင်းတွေ ပြန်တွေ့

ဓာတ်ပုံ မူပိုင် Khon Ja
Image caption ဦးဖော်ကန့်ယော်နဲ့ ဦးအင်ခွမ်နော်ဆန်းတို့ ဒီနှစ် ဇန်နဝါရီလမှာ အဖမ်းခံခဲ့ရ

တပ်မတော်စစ်ကြောင်းက ဒီနှစ် အစောပိုင်းမှာ ဖမ်းဆီးခဲ့တဲ့ ကချင်ပြည်နယ် စစ်ဘေးရှောင် စခန်းတခုက ကချင် အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေကို မတ်လ ၉ ရက်နေ့ မနက်ပိုင်းက သူတို့ အဖမ်းခံရတဲ့ နေရာအနီးမှာ မြုပ်နှံထားတာကို အာဏာပိုင်တွေနဲ့အတူ မိသားစုဝင်တွေက တွေ့ရှိခဲ့ပါတယ်။

အခုလို အသတ်ခံခဲ့ရသူတွေကတော့ ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာက KBC ဒုက္ခသည် စခန်းမှာ နေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် ဦးဖော်ကန့်ယော်နဲ့ အသက် ၃၅ နှစ်အရွယ် ဦးအင်ခွမ်နော်ဆန်း (ခ) ဒေါ်ဂျေနော်ဆန့် တို့ ဖြစ်ပါတယ်။

သူတို့ရဲ့ အလောင်းတွေကို ဒေသခံ အထွေထွေ အုပ်ချုပ်ရေးမှူး၊ တရားသူကြီးနဲ့ မူခင်းဆရာဝန် အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ မိသားစုဝင်တွေနဲ့အတူ ရှာဖွေရင်း ရွာနဲ့ တမိုင်လောက်အကွာမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အလောင်းတွေကို အခုလို တူးဖော် တွေ့ရှိချိန်မှာ ဘယ်သူဘယ်ဝါ ပုံမပေါ်တော့ပေမယ့် အဝတ်အစားနဲ့ ခန္ဓာကိုယ် အနေအထားအရ မိသားစုဝင်တွေက သိရှိခဲ့ပြီး အခုလို တွေ့တဲ့ နေရာမှာပဲ ခရစ်ယာန် ထုံးစံအတိုင်း သင်္ဂြိုဟ်ခဲ့တယ်လို့ သေဆုံးသူတဦးဖြစ်တဲ့ ဦးဖော်ကန့်ယော်ရဲ့ ချွေးမဖြစ်သူ ဒေါ်ကော့အောင်က ဘီဘီစီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Aung Myo San
Image caption တူးဖော် တွေ့ရှိချိန်မှာ ဘယ်သူဘယ်ဝါ ပုံမပေါ်တော့ပေမယ့် အဝတ်အစားနဲ့ ခန္ဓာကိုယ် အနေအထားအရ မိသားစုဝင်တွေက သိရှိခဲ့

အခုလို သေဆုံးခဲ့သူ ၂ ဦးဟာ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းက မိုင်းခေါင် ကျေးရွာနဲ့ ခပရာယန် ကျေးရွာကို သွားတဲ့ လမ်းမကြီးမှာ ကျွဲကျောင်းသွားရင်း တပ်မတော် စစ်ကြောင်းရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အခုလို အဖမ်းခံရတယ်လို့ သိရပြီး မကြာခင်မှာပဲ သက်ဆိုင်ရာ တပ်ကို ပျောက်ဆုံးသူတွေရဲ့ စစ်ဘေးရှောင် စခန်းမှာ နေထိုင်တဲ့ အထောက်အထား အပြည့်အစုံနဲ့အတူ မိသားစုက အကြောင်းကြားခဲ့ပြီး လိုက်လံ ရှာဖွေခဲ့ပေမယ့် အစိုးရတပ်ဘက်က ပိတ်ပင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အခုလို အဖမ်းခံရမှုအတွက် မန်စီမြို့နယ် ရဲစခန်းမှာ မိသားစုဝင်တွေက အမှုဖွင့်ခဲ့ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အမှု စိစစ်ပေးဖို့ အသနားခံစာ တင်ထားခဲ့ပေမယ့် တစုံတရာ အကြောင်းပြန်တာ မရှိခဲ့ပါဘူး။

အခုလို အဖမ်းခံရသူတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားဥပဒေအရ ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အပါအဝင်၊ အစိုးရ လွှတ်တော်ရုံးနဲ့ ပြည်နယ် အစိုးရဝန်ကြီးတွေကို စာပို့ထားတယ်လို့ ကျန်ရစ်သူမိသားစုတွေကို အကူအညီပေးနေတဲ့ မန်စီမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးချင်းဖေလင်းက ဘီဘီစီကို ပြောပါတယ်။

၂၀၁၈ ဇန်နဝါရီလကလည်း ကချင်ရွာသား သုံးဦးကို သတ်ဖြတ်ခဲ့တဲ့ အစိုးရတပ်သား ၆ ဦး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံ ခဲ့ရပါတယ်။

ဒါပေမယ့် ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ KIA အကြား တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ ဒေသခံ အရပ်သားတွေ ဖမ်းဆီး၊ ညှဉ်းပန်း သတ်ဖြတ်ခံရတာတွေ ရှိနေပြီး တရားဥပဒေအရ အကာအကွယ်ပေးမှု အားနည်းနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။