ဖာပွန်မှာ တပ်မတော်က ဝင်ရောက်စခန်းသစ်ချ

Image caption တပ်မတော်က စစ်အင်အား တိုးချဲ့လာလို ဒေသခံတွေ စိုးရိမ်လာ

ကရင်ပြည်နယ် မူတရော လို့ခေါ်တဲ့ ဖာပွန်ခရိုင် အတွင်းမှာ တပ်မတော်ရဲ့ ကျူးကျော် တိုက်ခိုက်မှုတွေက တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် NCA စာချုပ်ကို ချိုးဖောက်ရာ ရောက်ပြီး ဒါဟာ ရွာသားတွေအပေါ် ဘေးအန္တရယ် ဖြစ်စေတယ်လို့ ဆိုကာ ကရင် ငြိမ်းချမ်းရေး ကွန်ယက် KPSN က တောင်းဆိုချက် စာတစောင် ထုတ်ခဲ့ပါတယ်။

အဲဒီစာမှာ တပ်မတော် အနေနဲ့ ကျူးကျော်ထားတဲ့ နေရာသစ်တွေက ချက်ချင်း ဆုတ်ခွာပေးဖို့ ၊ အနှောင်အဖွဲ့ကင်းတဲ့ ကြားခံ အဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ လုပ်ပေးဖို့ ၊ ဒေသခံ လူထုကို ခြိမ်းခြောက်မှုတွေ ရပ်ဖို့ နဲ့ နေရပ်စွန့်ခွာ ပြေးနေရတဲ့ ရွာသားတွေ အတွက် လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးဖို့ စတဲ့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။

ကရင်ပြည်နယ် မူတရော ခရိုင်(သို့) ဖာပွန် ခရိုင် တွင်းကို တပ်မတော် တပ်ရင်းတွေ ဝင်ရောက်လာပြီး စစ်စခန်း သစ်တွေ ချလာတာ၊ တိုက်ခိုက်မှုတွေ လုပ်လာတာဟာ အပစ်ရပ် စာချုပ်ကို ချိုးဖောက်ရာ ကျတယ်လို့ KPSN ခေါ် ကရင်ငြိမ်းချမ်းရေး ကွန်ရက်က ပြောသလို အဲဒီနေရာတွေကနေ ချက်ချင်း ဆုတ်ခွာပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

၂၀၁၂ တုန်းက ပဏာမ ပစ်ခတ်မှု ရပ်စဲရေး ကနေ လက်ရှိ အချိန်ထိ ၊ တပ်မတော်ရဲ့ တပ်စခန်းတွေ က အရင် ရှိစဉ် အခါကထက် မကျော်ကြောင်း၊ ဒါပေမယ့် နောက်ပိုင်း အပစ်ခတ် ရပ်စဲရေး ကာလမှာ တပ်စခန်း အသစ်ပေါင်း ၁၆ခု တည်ဆောက်ခဲ့တဲ့ အတွက်ကြောင့် အခုဆိုရင် ၈၀ ကျော် သွားပြီ ဖြစ်တယ်လို့ ကရင်ငြိမ်းချမ်းရေး ကွန်ရက် ပြောရေးဆိုခွင့်ရှိသူ စောဝေလေး က ပြောပါတယ်။

အဲလိုအနေအထားမှာ ဒေသခံတွေက စိုးရိမ်မှု ရှိပြီး ဘ၀ လုံခြုံရေး အတွက်လည်း ပူပန်မှု ရှိလာကြတဲ့ အပြင် တပ်စွဲထားတဲ့ နေရာမှာ တပ်အင်အား ခြောက်ရာ ၀န်းကျင်လောက် ၀င်လာတာကြောင့် လူထု အတွက် လုံခြုံမှု ကို ရိုက်ခတ်လာတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေက တောရွာထဲ ပုန်းအောင်းနေရကြောင်း ၊ လက်ရှိ အနေအထားမှာ ဆေးဝါး ၊ ရိက္ခာနဲ့ နေထိုင်ဖို့ အခက်အခဲ ရင်ဆိုင်နေရတယ်လို့ ကရင်ငြိမ်းချမ်းရေး ကွန်ရက် ပြောရေးဆိုခွင့်ရှိသူ စောဝေလေး က ပြောပါတယ်။

ဒီလို အခြေအနေမှာ သီးခြား လွတ်လပ်ပြီး ချည်နှောင်မှု မရှိတဲ့ အဖွဲ့ကို စေလွှတ်ပြီး လက်ရှိ တပ်မတော်က လမ်းဖော်လုပ်နေမှု အနေအထား ကို လေ့လာစေချင်ကြောင်း ၊ ဒီလမ်းတွေကို စစ်ရေးမှာ သုံးမယ်လို့ ယူဆရကြောင်း ၊ ဒေသခံတွေကို အကြောင်းပြခြင်း မရှိဘဲ ၀င်လာတာဟာ NCA ကို ဆန့်ကျင်တာ ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

ဒါတွေက NCA ချိုးဖောက်မှု ဘယ်လောက် အတိုင်းအတာ ရှိလဲ ဆိုတာကို စုံစမ်းစေချင်ကြောင်း ၊ ကန့်သတ် နယ်မြေ ၀င်လာရင် KNU ကို အကြောင်းကြားရမှာ ဖြစ်ကြောင်း ၊ ခွင့်ပြုချက် ယူရမယ့် အခြေအနေမျိုးမှာ ဒါတွေကိုချိုးဖောက်တဲ့ အပေါ် ဘယ်လောက် ကျူးလွန်ပြီး တာ၀န်ယူမှု တာဝန်ခံမှု ဘယ်လောက် ရှိလဲ ဆိုတာ သူတို့ အနေနဲ့ သိချင်တဲ့ အပြင် ရွာသားတွေ ထွက်ပြေးနေရတာကို အသေးစိတ် စုံစမ်းပေးစေလိုပြီး တခြား NCA နဲ့ မကိုက်ညီတာတွေကို စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုချင်တယ်လို့ စောဝေလေး ဆိုပါတယ်။

JMC - S အဖွဲ့တွေ ရှိပေမယ့် Independent လို့ ဆိုတဲ့ သီးခြား လွတ်လပ်မှု ရှိတဲ့ အပိုင်းမှာ အားနည်းတာကြောင့် အခုလို ကြားခံ သီးခြား လွတ်လပ်တဲ့ အဖွဲ့က စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုရတာ ဖြစ်ပြီး အဲလို လုပ်ခြင်းအားဖြင့် ပြဿနာ ကိုင်တွယ်ရာမှာ အားနည်းစေကြောင်း ၊ တကယ်လို့ တဖက်နဲ့ တဖက် တခုခု ဖြစ်သွားရင်း ငြိမ်းချမ်းရေး လမ်းစဉ်ကို ထိခိုက်မှု ရှိမှာမို့ အခုလို သီးခြား လွတ်လပ်တဲ့ အဖွဲ့ကို ထားပြီး ပြဿနာကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်လို့ရအောင် တောင်းဆိုရတာလို့ သူက ပြောပါတယ်။

NCA စာချုပ် အပေါ် ရှေ့ဆက် သွားနိုင်ဖို့ တကယ့် ယုံကြည်မှုက အရေးကြီးကြောင်း ၊ လက်ရှိ ဖာပွန် ခရိုင် မှာ ဖြစ်နေတဲ့ ဖြစ်ရပ်က နှစ်ဖက်ကြား ယုံကြည်မှုကို ရိုက်ခတ်မှု ရှိကြောင်း နဲ့ ဒါကို ဖြေရှင်းပြီး ယုံကြည်မှု တည်ဆောက်ဖို့ ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်ကြောင်း ကရင်ငြိမ်းချမ်းရေး ကွန်ရက် ပြောရေးဆိုခွင့်ရှိသူ စောဝေလေး က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ