ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ကူဖို့ ဒေါ်လာ သန်းတထောင်လို

ဓာတ်ပုံ မူပိုင် MUNIR UZ ZAMAN
Image caption ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းက စခန်းတွေမှာ ဒုက္ခသည် ၇ သိန်း ကျော် ရှိ

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားခြင်းစာနာ ထောက်ပံ့ကူညီမှုတွေပေးဖို့ ဒေါ်လာ သန်းတထောင်နီးပါး လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ အပြောအရ မြန်မာနဲ့ နယ်စပ် ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းက စခန်းတွေမှာ ဒုက္ခသည် ၇ သိန်း ကျော် ရှိနေပြီး ဒီလိုအပ်ငွေတွေဟာ ဒီနှစ်ကုန်အထိလို့ ဆိုပါတယ်။

ဒုက္ခသည်တွေ မြန်မာဘက်က ပြန်လက်ခံရေးဟာ ဘယ်တော့စပြီး ဘယ်လောက် ကြာမယ်ဆိုတာ မသိနိုင်လို့ သူတို့အနေနဲ့ ဒီနှစ်ကုန်အထိ တွက်ချက်ပြီး ဒုက္ခသည်တွေကို အစားအစာနေစရာ ထောက်ပံ့ပေးနိုင်ဖို့ လိုအပ်ငွေကို ထပ်မေတ္တာရပ်ခံရတာလို့ ပြောပါတယ်။

ထွက်ပြေးလာသူ အများစုဟာ အဝတ်တထည်ကိုယ်တခုနဲ့ ရရာဆွဲထွက်လာတာကြောင့် သူတို့ စားဝတ်နေရေးအတွက် အကူအညီပေးတဲ့ အဖွဲ့တွေကိုပဲ လုံး၀ မှီခိုနေရတာ ဖြစ်ပါတယ်။

ဒီလို ဒုက္ခသည်အများအပြား ဝင်လာတာကြောင့် ဒေသခံ လူထုနဲ့ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှု နည်းနိုင်သမျှ နည်းအောင် သူတို့ ကြိုးစား ဆောင်ရွက်လိုတဲ့ ဆန္ဒ ရှိတယ်လို့ ကုလသမဂ္ဂရဲ့ ဘင်္ဂလားဒေ့ရှ် ဌာနေညှိနှိုင်း ဆောင်ရွက်ရေးမှူး မီယာဆက်ပိုက ပြောပါတယ်။

လာမယ့် သီတင်းပတ် ဂျီနီဗာမှာ ကျင်းပမယ့် အစည်းအဝေးမှာ လိုအပ်ငွေကို တရားဝင် တောင်းခံသွားမယ်လို့ သူက ဆိုပါတယ်။

လိုအပ်တဲ့ငွေတွေဟာ ကျန်းမာရေး ပညာရေးစတဲ့ ကဏ္ဍအားလုံးက လိုအပ်ချက်တွေကို အသေးစိတ် စိစစ်လေ့လာပြီး တွေ့ရှိချက်ကို အခြေခံတွက်ချက်ထားတာ ဖြစ်သလို ကူညီထောက်ပံ့ရေး အစီအစဉ်ကို အကောင်ထည် ဖော်ဖို့ အများကြီး ဆောင်ရွက်ရဖို့ ရှိနေတယ်လို့လည်း မစ္စ မီယာဆက်ပိုက ပြောပါတယ်။

ထောက်ပံ့ငွေအ များဆုံး လိုအပ်ချက်တွေကတော့ စားနပ်ရိက္ခာ ဖူလုံမှုရှိရေး၊ နောက်ပြီး သောက်သုံးရေ ရရှိရေး၊ ပတ်ဝန်းကျင်နဲ့ တကိုယ်ရေ သန့်ရှင်းရေး၊ နေထိုင်စရာ အဆောက်အအုံစတာတွေ ဖြစ်သလို ကျန်းမာရေး စောင့်ရှောက်မှု၊ အာဟာရ ပြည့်၀ရေးနဲ့ ပညာရေး အတွက် လိုအပ်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အန္တရာယ်ရှိနေတဲ့ ဒုက္ခသည် တသိန်းလောက်ကို နေရာ ရွှေ့ပြောင်းပေးဖို့ ငွေတွေပိုပြီး လိုအပ်နေတယ်

လာမယ့် မုတ်သုန်ရာသီ ကာလအတွင်း မိုးကြီးပြီး ရေကြီး မြေပြိုမယ့်ဒဏ်တွေကို ခံရမယ့် အန္တရာယ်ရှိနေတဲ့ ဒုက္ခသည် တသိန်းလောက်ကို နေရာ ရွှေ့ပြောင်းပေးဖို့ ငွေတွေပိုပြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ပြီး ဝင်လာနေသူတွေ ရှိနေဆဲ ဖြစ်တာကြောင့် ဒီကိစ္စဟာ ကြီးမားတဲ့ ဒုက္ခသည် ပြဿနာကြီး အဖြစ် ဆက်ရှိနေသလို ဒုက္ခသည် အကျပ်အတည်းအပေါ် နိုင်ငံတကာရဲ့ အာရုံစိုက်မှု ဆက်ရှိနေသင့် တယ်လို့ လည်း မစ္စမီယာ ဆက်ပိုက ပြောပါတယ်။

နိုင်ငံတကာ အာရုံစိုက်မှုတွေ ဆက်ရှိဖို့နဲ့ အကျပ်အတည်းကို စီမံကိုင်တွယ်နိုင်ရေး ဘင်္ဂလားဒေ့ရှ် အစိုးရ လိုအပ်တဲ့ အထောက်အကူတွေ ရရှိဖို့ နည်းလမ်းမျိုးစုံသုံး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ဒုက္ခသည်တွေ ပြန်လက်ခံရေး သဘောတူ ညီချက်အရ မြန်မာဘက်က ပြင်ဆင်ဆောင်ရွက်နေပေမယ့် အခုချိန်ထိ ပြန်လာတဲ့သူ မရှိသေးတဲ့ အပြင် ထွက်ခွာ နေသူတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။