မွန်ပြည်သစ်ပါတီရဲ့ လူထုတွေ့ဆုံပွဲကို တပ်မတော်တားမြစ်

ဓာတ်ပုံ မူပိုင် NMSP
Image caption အပစ်ရပ်လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ

မြန်မာတနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA မှာ မကြာသေးခင်ကပဲ လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီက မတ်လ ၁၀ ရက်နေ့မှာ လူထုတွေ့ဆုံပွဲ ကျင်းပဖို့ ပြင်ဆင်ခဲ့ပေမယ့် တပ်မတော်က တားမြစ်လို့ ဖျက်သိမ်းခဲ့ရပါတယ်။

NCA စာချုပ်မှာ လက်မှတ်ထိုးရတဲ့ အကြောင်းပြချက်နဲ့ ဘာတွေ ဆက်လုပ်မယ်ဆိုတာကို လူထုကို ရှင်းပြဖို့နဲ့ လူထု သဘောထားကိုလည်း ပြန်လည် နားထောင်ဖို့ ရည်ရွယ်ချက်နဲ့ မွန်ပြည်နယ် သထုံခရိုင်ထဲက ကျေးရွာတခုမှာ အခုလို လူထုတွေ့ဆုံပွဲ ကျင်းပဖို့ စီစဉ်တာကို တားမြစ်ခံရတာ ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟို အလုပ်အမှုဆောင် ဦးနိုင်ဝင်းလှက ဘီဘီစီကို ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ လူဦးရေ ၂၀ဝ ခန့် တက်ရောက်ဖို့ စီစဉ်ထားပြီး လူအင်အား များတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရဲ့ တပ်မတော် အာဏာပိုင်တွေက ပိတ်ပင်ခဲ့တာ ဖြစ်သလို ဒါကို လူ ၃၀ လောက်နဲ့ပဲ တပ်ဘက်က ကျင်းပစေချင်တယ်လို့ ဦးနိုင်ဝင်းလှက ပြောပါတယ်။

မွန်ပြည်သစ်ပါတီဟာ NCA စာချုပ်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် ရတဲ့အတွက် ဒါကို မကျင်းပခင်မှာ လူထုတွေ့ဆုံပွဲတွေကို နေရာ ငါးနေရာမှာ လက်ရှိ မတ်လ မကုန်ခင် ပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption မွန်ပြည်သစ်ပါတီဟာ NCA စာချုပ်အရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အပြင် အကြိုလူထုတွေ့ဆုံပွဲတွေလုပ်ဖို့လည်း သဘောတူပြီးသားဖြစ်

အခုလို ပြုလုပ်ပြီးတဲ့အခါမှာလည်း အဲဒီ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ရေးမြို့မှာ ကျင်းပဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီနဲ့ မွန်ပြည်သစ်ပါတီတို့ သဘောတူညီချက် ရထားပြီးသား ဖြစ်ပါတယ်။

ဒီလို အဆင့်ဆင့် ဆွေးနွေးပွဲတွေ ကျင်းပမယ့် ကိစ္စကို ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးပြီး ဖြစ်ပေမယ့် အခုလို ကန့်သတ်ခံရတဲ့အတွက် ငြိမ်းချမ်းရေး ကော်မရှင်အပါအဝင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနကို တင်ပြထားတယ်လို့ ဦးနိုင်ဝင်းလှက ပြောပါတယ်။

ဒီလို ကန့်သတ်ခံရမှုကြောင့် နောက်တဆင့် စီစဉ်ထားတဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လုပ်ရေး ကိစ္စကို မဆုံးဖြတ်ရသေးဘူးလို့လည်း သူက ပြောပါတယ်။

အလားတူပဲ NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကော်မတီ/ရှမ်းပြည်တပ်ဖွဲ့ RCSS/SSA ဟာလည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ အကြို လူထုတွေ့ဆုံပွဲတွေကို မလုပ်ဖို့ တားမြစ်ခံရတဲ့အတွက် သူတို့ စီစဉ်ထားတဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနိုင်ခြင်း မရှိသေးပါဘူး။

မွန်ပြည်သစ်ပါတီကလည်း အခုလို မကျင်းပဖြစ်ရင် လာမယ့် မေလဆန်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တတိယအကြိမ် အစည်းအဝေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လက်ရှိနိုင်ငံရေးအခြေအနေကို မွန်ပြည်သစ် ဥက္ကဋ္ဌ ဘယ်လို မြင်သလဲ