၂၀၂၁ထိ ဓါတ်အားအပြည့်ရဖို့ စီစဉ်ထားတယ်လို့ လျှပ်စစ်အတွင်း၀န်ပြော

ဓာတ်ပုံ မူပိုင် MOI
Image caption ရေအားကနေ လျှပ်စစ်ထုတ်ယူဖို့ ၇နှစ်ကနေ ၁ဝနှစ်ထိ ကြာမယ် လျှပ်စစ် အတွင်း၀န်ကဆို

မြန်မာ တရုတ် ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံကြား လျှပ်စစ် ရောင်းဝယ်ရေး အတွက် နားလည်မှု စာချွန်လွှာကို မတ်လ ၉ ရက်က နေပြည်တော်မှာ လက်မှတ်ထိုးခဲ့ကြပါတယ်။

ပထမ အနေနဲ့ နည်းပညာပိုင်း ပေါင်းစပ်ဖို့ လိုပြီး ၊ အခု သွားနေတဲ့ စံနစ်က နိုင်ငံမှာ လျှပ်စစ်ဓါတ်အားကို ပိုရင် ရောင်းမယ် လိုအပ်ရင် သူများဆီက ၀ယ်သုံးဖို့ မူနဲ့ သွားနေပေမယ့် အခု လတ်တလောကနေ ၂၀၂၁ အထိ ၇၀၀ မဂ္ဂါ၀ပ် ပိုနေတဲ့ အနေအထားမှာ ရှိနေအောင် စီစဉ်ထားပြီး ဖြစ်ကြောင်း လျှပ်စစ် ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောပါတယ်။

လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံက ဓါတ်အားလိုင်း စံနစ်က ၂၃၀ ဗို့အားလိုင်း ဖြစ်ပြီး တခြား နိုင်ငံတွေက ၁၂၂ နဲ့ ၁၃၂ ဆိုတာတွေ ဖြစ်တဲ့ အတွက် စံနစ် မတူကြတော့ အဲဒီ အတွက် အတားအဆီး မရှိအောင် အစဉ်ပြေဆုံး ပေါင်းစပ် ညှိနှိုင်းရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အပြန်အလှန် ရောင်း၀ယ်မှုတွေ လုပ်ရာမှာ ၂၀၂၀ - ၂၀၂၁ အထိ စီမံချက် ဆွဲထားပြီးသား ဖြစ်ကြောင်း ၊ အဲဒီ အချိန်အထိ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားက ၇၀၀ မဂ္ဂါ၀ပ်လောက် အပိုရှိနေကြောင်း ၊ အဲဒီ အနောက်ထပ် နှစ်လောက် ဆိုရင် ၆၀၀၀ မဂ္ဂါ၀ပ်လောက် လိုမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

အဲဒီ အတွက် Energy Plant တွေ လုပ်ဖို့ ပြန်ပြီး စက်တွေ ခေတ်မှီအောင် လုပ်ရမှာ ဖြစ်ကြောင်းနဲ့ စုစုပေါင်း Energy Plant လေးခုလောက်ကို Notice to proceed ဆိုတဲ့ ဆက်လုပ်ဖို့ အသိပေးထားတာ ရှိကြောင်း ၊ ဒါတွေဟာ ၂၀၂၀ - ၂၀၂၁ အထိ စီမံထားပြီးသား ဆိုတာ အသိပေးလိုတယ်လို့ ဦးစိုးမြင့်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ပထဝီ အနေအထားအရ ရေအရင်းအမြစ် အများကြီး ရှိပြီး ကြိုက်သလို သုံးလို့ ရနေတဲ့ အနေအထားမှာ ရှိပေမယ့် စိန်ခေါ်မှုက သဘာ၀ ပတ်၀န်းကျင် အပေါ် အကျိုးသက်ရောက်မှုတွေကို ဆန်းစစ်ဖို့ လိုနေတယ်လို့ သူက ဆိုပါတယ်။

ပေါင်းလောင်းမြစ်ပေါ်မှာ ဆိုရင် အထက်ပေါင်းလောင်း ၊ အောက်ပေါင်းလောင်း ၊ အလယ်ပေါင်းလောင်း ဆိုပြီး ရေအား လျှပ်စစ် ထုတ်ဖို့ သဘာ၀ ပတ်၀န်းကျင် မထိခိုက်တဲ့ နေရာကို ရွေးနေသလို ဒုတ္တ၀တီ မြစ်ပေါ်မှာ ဆိုရင် အထက် ရဲရွာ ၊ အောက် ရဲရွာ ၊ အလယ် ရဲရွာ ဆိုပြီး လုပ်နေတာတွေ ရှိကြောင်း ၊ Energy Plant တွေကတော့ လိုအပ်ချက် အရ လျှပ်စစ် ဓါတ်အား ဖြည့်ဆည်းဖို့ လုပ်တာ ဖြစ်ကြောင်း နဲ့ ရေအား လျှပ်စစ် ဆိုတာက ချက်ခြင်း လုပ်လို့ မရသလို အနည်းဆုံး ၇နှစ်ကနေ ၁၀နှစ် ကြားမှာ အချိန်ယူတာမို့ အဲဒါတွေ မဖြစ်လာသေးခင် လိုနေတဲ့ မဂ္ဂါဝပ် သုံးထောင်လောက် လိုအပ်တယ် ဆိုတာ တွက်ချက် တိုင်းတာမှု အရ ပေါ်ထွက်လာတယ်လို့ သူက ပြောပါတယ်။

အရင်က ၂ နိုင်ငံချင်း သဘောတူညီမှုတွေသာ ရှိခဲ့တဲ့အတွက် ခုလို ၃ နိုင်ငံ လျှပ်စစ် ရောင်းဝယ်မှုအတွက် ဆက်လက် လုပ်ဆောင်ရမယ့် အဆင့်တွေ အများကြီး ရှိနေသေးပြီး နည်းပညာ ပိုင်းဆိုင်ရာ ဆွေးနွေးရမှာ ဖြစ်သလို ၊ ဘယ်နေရာမှာ ဓါတ်အားလိုင်းခွဲ စက်ရုံတွေ ထားမလဲ ၊ ဘယ်လမ်းကြောင်းကနေ ဘယ်လို ဆွဲမလဲ ဆိုတာတွေ လုပ်ဖို့ လိုနေသလို နောက်ပိုင်းမှာ ၅၀၀ KV နဲ့ သွားမယ် ဆိုရင် ဘယ်လို လုပ်မလဲ ဆိုတာ ပေါင်းစပ် ညှိနှိုင်းရမှာ ဖြစ်တယ်လို့ သူက ထောက်ပြ ခဲ့ပါတယ်။

ရှေ့ဆက်ပြီး တနိုင်ငံစီက ကိုယ်စားလှယ် ငါးယောက်စီဖွဲ့ကာ Working Group တွေ ဖွဲ့ရမှာ ဖြစ်ကြောင်း ၊ အဲဒီနောက် အောက်ခြေမှာ အသေးစိတ် ဆွေးနွေးကာ အဲဒီက တက်လာတဲ့ အချက်တွေ အပေါ်မှာ ဘာလုပ်သင့်တယ် ၊ ဘာလုပ်ဖို့ လိုမယ် ဆိုတာတွေကို ဆုံးဖြတ်မှာ ဖြစ်တယ်လို့ လျှပ်စစ် ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ရှင်းပြခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ