ရခိုင်မြောက်ပိုင်းမှာ တိုက်ခိုက်သူ ၃၀၀ နီးပါးကို အစုလိုက် ပြစ်ဒဏ်ချ

ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် မှာကင်းလှည့်နေတဲ့ နယ်ခြားစောင့်ရဲ

ရခိုင်ပြည်နယ် မြောက်ပိုင်းက နယ်ခြားစောင့် စခန်းတွေ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ လက်ကျန် တရားခံ ၂၉၄ ယောက်မှာ ၂၇၆ ယောက်ကို မောင်တော ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် စီ ချမှတ် လိုက်ပြီး ၁၈ ယောက်ကို တရားသေ လွှတ်ပေးလိုက်ပါတယ်။

သူတို့ကို လူသတ်မှု ပုဒ်မ ၃၀၂ (၂) အရ စီရင်ချက် ချလိုက်တာလို့ မောင်တော ခရိုင်ဒုတိယ တရားသူကြီး ဦးညိုလွင်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့ကလည်း အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ဆက်စပ်သူ ၃၄ ယောက်ကို မောင်တော ခရိုင် တရားရုံးက ထောင်ဒဏ် ၁၈ နှစ်စီ အသီးသီး ချမှတ် ခဲ့ပါ သေးတယ်။

အဲဒီနေ့က စီရင်ချက်မှာ ၅ ယောက်ကို တရားသေ ပြန်လွှတ် ပေးခဲ့ ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် စခန်း ၃ ခု တိုက်ခိုက်ခံရ မှုမှာ လူပေါင်း ၃၀၀ ကျော်ဟာ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီး သေဒဏ်ပေး ခံခဲ့ရသူ တွေလည်း ရှိပါတယ်။

စစ်တွေခရိုင် ကိုးတန်ကောက် စခန်းကို တိုက်ခိုက်ခဲ့သူတွေထဲက တစ်ယောက်ကို စစ်တွေ ခရိုင် တရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီး မောင်တောခရိုင် ငါးခူရ စခန်းကို တိုက်ခိုက်ခဲ့သူ ထဲက ၄ ယောက်ကိုလည်း သူက သေဒဏ် ချခဲ့တယ်လို့ တရားသူကြီး ဦးညိုလွင်ဦးက ပြောပါတယ်။

အခုလို စီရင်ချက် ချလိုက်အပြီးမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် စခန်းသုံးခုကို တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်လို့ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ကြရသူတွေ အားလုံးကို တရားစီရင်မှု ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က စခန်းပေါင်း ၃၀ ကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်လို့ ဖမ်းဆီးထားသူတွေ ရာနဲ့ ချီ ရှိနေပါသေးတယ်။

သူတို့ အမှုတွေကိုတော့ မောင်တောခရိုင် တရားရုံးက ဆက်လက် စစ်ဆေးနေပါတယ်။

ဆက်စပ် အကြောင်းအရာများ