ထိပ်တန်း အရာရှိဟောင်းကြီးတွေ ပါဝင် ပတ်သက်နေ

Image caption နေပြည်တော်က လွှတ်တော် အဆောက်အဦးတွေ

အရင် အစိုးရ လက်ထက် နေပြည်တော်ကောင်စီ နယ်မြေအတွင်း စိုက်ပျိုးရေး လုပ်ငန်း လုပ်မယ် ဆိုပြီး ရယူထားတဲ့ မြေလွတ်မြေရိုင်းတွေမှာ တကယ်တမ်း လုပ်ငန်း အကောင်အထည် ဖော်တာမျိုး မရှိတဲ့ အတွက် ပြန်လည် သိမ်းယူဖို့ အာဏာပိုင်တွေ လုပ်ဆောင် လာပါတယ်။

ဒက္ခိဏခရိုင်နဲ့ ဥတ္တရခရိုင် ဆိုပြီး စုံစမ်း စိစစ်သွားမယ့် အထူး အဖွဲ့ ၂ ဖွဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဖွဲ့စည်းလိုက်တာမှာ သက်ဆိုင်ရာ အစိုးရ ဌာနတွေက အရာရှိတွေနဲ့ အမျိုးသား လွှတ်တော် အမတ်တွေ ပါဝင် ပါတယ်။

လုပ်ငန်း အကောင်အထည် မဖော်ပဲ မြေလွတ်မြေရိုင်းတွေ ရယူ ထားကြသူတွေထဲ ဝန်ကြီးဟောင်း တချို့ ပါဝင်တယ် ဆိုပြီး အထူး စုံစမ်းစိစစ်ရေးအဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ဘယ်သူဘယ်ဝါ ဆိုပြီး နာမည်တပ် ပြောဆိုတာမျိုးတော့ မရှိပါဘူး။

ဒီလို အရာရှိဟောင်းကြီးတွေ ပါဝင်ပတ်သက် နေတဲ့ အတွက် ရှိလက်စ စိစစ်ရေး ကော်မတီတွေ အနေနဲ့ အရေးယူ ကိုင်တွယ်နိုင်စွမ်း နည်းပါး နေတာကြောင့် ပြည်ထောင်စု အစိုးရ ခွင့်ပြုချက်နဲ့ အထူး အဖွဲ့တွေ ဖွဲ့လာရတာ ဖြစ်တယ်လို့ ဦးမောင်မောင်ဆွေက ဆိုပါတယ်။

နေပြည်တော်ကောင်စီ နယ်မြေထဲမှာ စိစစ်သွားရမယ့် မြေလွတ် မြေလပ် မြေရိုင်း ဧက သောင်းနဲ့ချီ ရှိနေ နိုင်ပေမယ့် အစိုးရ အရာရှိဟောင်းတွေ၊ ဝန်ကြီးဟောင်း တွေရဲ့ အရှိန်ကြောင့် ဌာနဆိုင်ရာတွေ အနေနဲ့ မှန်ကန် တိကျတဲ့ သတင်းအချက်အလက်တွေ မရရှိ နိုင် ဖြစ်ခဲ့ရတယ်လို့လည်း ဦးမောင်မောင်ဆွေက ပြောပါတယ်။

၂ဝ၁၂ မြေယာ ဥပဒေအရ ဆိုရင် မြေလွတ် မြေလပ် မြေရိုင်းတွေကို ငှားရမ်း လုပ်ကိုင်ခွင့် ရယူထားပြီး ၄နှစ်ကြာတဲ့အထိ လုပ်ငန်း လုပ်ကိုင်ခြင်း မရှိရင် အစိုးရ အနေနဲ့ ပြန်လည် သိမ်းယူရမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ