စည်ပင်လုပ်ငန်းတွေ ပုဂ္ဂလိက ကိုပေးမယ်

ဓာတ်ပုံ မူပိုင် YCDC
Image caption ရန်ကုန်မြို့ နောက်ဖေးလမ်းကြား တနေရာကိုရှင်းလင်းနေပုံ

စည်ပင်သာယာလုပ်ငန်းတွေကို ပုဂ္ဂလိကုမ္ပဏီတွေဆီ လွှဲပြောင်းပေးဖို့ Yangon Infrastructure Development Public Co., Ltd (YIDP) ဆိုတဲ့ အများပိုင်ကုမ္ပဏီ တည်ထောင်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က စီစဉ်နေပါတယ်။

အများပိုင်ကုမ္ပဏီ ထူထောင်ပြီး လုပ်ကိုင်ခွင့်ပေးဖို့ နာမည်ကြီးကုမ္ပဏီတွေပါတဲ့ ပြည်တွင်းကုမ္ပဏီ ၁၀ ခုကို ရန်ကုန်မြို့တော်ဝန်ဦးဆောင်ပြီး YCDC ကော်မတီအဖွဲ့ဝင်တွေက ခေါ်ယူဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်နဲ့ ကုမ္ပဏီတွေအကြား ခုလိုဆွေးနွေးကြတာ ၂ ကြိမ်ရှိပြီလို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။

လက်ရှိစည်ပင်သာယာရေး လုပ်ငန်းတွေဖြစ်တဲ့ မြို့တွင်း လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်း၊ ပန်းဥယျာဉ်လုပ်ငန်း၊ ရေနဲ့ မိလ္လာလုပ်ငန်း၊ အမှိုက်သိမ်းလုပ်ငန်းနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းတွေကို ပုဂ္ဂလိကုမ္ပဏီတွေဆီ ခွဲဝေလုပ်ကိုင်ခွင့်ပြုဖို့ စီစဉ်တာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးသန်းက ဘီဘီစီကိုပြောပါတယ်။

စည်ပင်သာယာလုပ်ငန်းတွေကို အများပိုင်ကုမ္ပဏီ တည်ထောင်ပြီး လုပ်ကိုင်ဖို့က အသစ်ပြန်လည် ရေးဆွဲနေတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဥပဒေကြမ်းမှာ ပါဝင်ပါတယ်။

စည်ပင်သာယာဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရက အတည်ပြုလို့ ဥပဒေသစ်အဖြစ် ထွက်ပေါ်လာရင် အသင့်လုပ်ကိုင်နိုင်ဖို့ ရန်ကုန်တိုင်းအစိုးရက ညွှန်ကြားခဲ့လို့ ကြိုတင်ပြင်ဆင် ဆွေးနွေးတာလို့လည်း ဦးသန်းက ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်ကို တင်ပြထားတယ်လို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသဘောတူမှုရရင် ပြည်ထောင်စုအစိုးရကိုပေးပို့ပြီး အတည်ပြုပေးတဲ့အခါမှာ ဥပဒေသစ်အနေနဲ့ ထွက်ပေါ်လာနိုင်မှာပါ။

စည်ပင်သာယာလုပ်ငန်းတွေကို အများပိုင်ကုမ္ပဏီထောင်ပြီး စီးပွားရေးကော်ပိုရေးရှင်းပုံစံ ပြုလုပ်နိုင်ဖို့ အတွက် ပုဂ္ဂလိကုမ္ပဏီတွေဆီက အကြံဉာဏ်ယူ ပရိုပိုဆယ် တင်ပြ နိုင်မဲ့ဆွေးနွေးပွဲတွေကို လာမယ့်သီတင်းပတ်တွေအတွင်းမှာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဆက်စပ် အကြောင်းအရာများ