ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ တပ်မတော်အင်အားတိုးချဲ့

ဓာတ်ပုံ မူပိုင် Kawthoolei Today
Image caption ကေအန်ယူနဲ့ တပ်မတော်အကြားစစ်ရေးတင်းမာမှုကြောင့်တောထဲမှာထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသားတွေ

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကေအန်ယူတပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မူတရောခရိုင်မှာ အစိုးရတပ်မတော်နဲ့ ကေအန်ယူ တပ်ဖွဲ့တွေအကြား တင်းမာမှုဆက်ဖြစ်နေပြီး တပ်မတော်က တပ်အင်အားတိုးချဲ့လာတယ်လို့ ကေအန်ယူကပြောပါတယ်။

'' မတ်လ ၁၁ ရက်နေ့က ဆာလော်ကျိုးဆိုတဲ့နေရာမှာ အစိုးရတပ်မတော်ကတပ်သားအင်အား ၃၀၀ လောက် ထပ်ရောက်လာတယ်။ နောက်ထပ်ကားအစီး ၇၀ လောက်ထပ်လာမယ်လို့ သတင်းရရှိထားတယ်''

လို့ ကေအန်ယူတပ်မဟာ ၅၊ မူတရောခရိုင်က တာဝန်ရှိသူ စောရော်ဘေမူးက ဘီဘီစီ ကိုပြောပါတယ်။

မတ်လအစောပိုင်းက ကေအန်ယူတပ်မဟာ ၅ နဲ့ တပ်မတော်တပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် အရပ်သား ၁၅၀၀ လောက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့အစည်းက သတင်းထုတ်ပြန်ထားပါတယ်။

အခုလို ကျူးကျော် တိုက်ခိုက်မှုတွေက တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် NCA စာချုပ်ကို ချိုးဖောက်ရာ ရောက်ပြီး ဒါဟာ ရွာသားတွေအပေါ် ဘေးအန္တရာယ် ဖြစ်စေတယ်လို့ ဆိုကာ ကရင် ငြိမ်းချမ်းရေး ကွန်ယက် KPSN က တောင်းဆိုချက် စာတစောင်လည်း ထုတ်ပြန်ထားပါတယ်။

အဲဒီစာမှာ တပ်မတော် အနေနဲ့ ကျူးကျော်ထားတဲ့ နေရာသစ်တွေက ချက်ချင်း ဆုတ်ခွာပေးဖို့ ၊ အနှောင်အဖွဲ့ကင်းတဲ့ ကြားခံ အဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ လုပ်ပေးဖို့ ၊ ဒေသခံ လူထုကို ခြိမ်းခြောက်မှုတွေ ရပ်ဖို့ နဲ့ နေရပ်စွန့်ခွာ ပြေးနေရတဲ့ ရွာသားတွေ အတွက် လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးဖို့ စတဲ့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။