ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်လက်ခံရေး စိစစ်မှု အခက်အခဲရှိလို့ မြန်မာပြော

ဓာတ်ပုံ မူပိုင် AFP
Image caption လက်ဗွေတွေ မပါလာတာကို နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ တဆင့် ဘင်္ဂလားဒေ့ရှ်ကို အကြောင်းကြားထားတယ်

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်ပြန်လက်ခံရေးအတွက် လက်ခံရရှိထားတဲ့ လျှောက်လွှာတွေကို စစ်ဆေးရာမှာ အခက်အခဲရှိနေတယ်လို့ မြန်မာ အစိုးရက ပြောပါတယ်။

မြန်မာအစိုးရက ဒုက္ခသည်လက်ခံဖို့ လျှောက်လွှာ ၈၀၀၀ ရရှိထားရာမှာ ၃၀၀ ကျော်ကိုပဲ အတည်ပြု စစ်ဆေးနိုင်ခဲ့ပါတယ်။

လျှောက်လွှာတွေကို ဆော့ဝဲလ်နဲ့ စစ်ဆေးဖို့ လက်ဗွေတွေပါမလာသလို ဓာတ်ပုံ နည်းပညာနဲ့ စစ်ဆေးမယ် ဆိုရင်လည်း အိမ်ထောင်ဦးစီး တယောက်ရဲ့ ဓာတ်ပုံပဲ ပါပြီး ကျန်မိသားစုတွေရဲ့ ဓာတ်ပုံမပါတာကြောင့် စစ်ဆေးဖို့ အခက်အခဲရှိ တယ်လို့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ဘီဘီစီကို ပြောပါတယ်။

မိသားစု ဓာတ်ပုံတွေပါရင်လည်း အဝေးက ရိုက်ယူထားတာကြောင့် ဝါးနေတာတွေ ဓာတ်ပုံဆော့ဖ်ဝဲလ်နဲ့ စစ်ဆေးလို့မရသလို တယောက်ချင်းကို အသေးစိတ် စစ်ဆေး နေလို့ ၃၀၀ ကျော်ပဲ စစ်ဆေးနိုင်တာလို့ သူက ပြောပါတယ်။

လက်ဗွေတွေ မပါလာတာကို နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ တဆင့် ဘင်္ဂလားဒေ့ရှ်ကို အကြောင်းကြားထားတယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

စိစစ်ပြီးထားတဲ့သူတွေကိုလည်း ပြန်လည်လက်ခံဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက တဆင့် ဆက်သွယ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။