ရေကာတာစီမံကိန်းတွေမလုပ်ဖို့ ကရင်မြစ်ချောင်းများကွန်ရက်တောင်းဆို

ဓာတ်ပုံ မူပိုင် Karen Rivers Watch
Image caption ကရင်မြစ်ချောင်းများကွန်ရက်နဲ့ ဒေသခံ ကရင်တိုင်းရင်းသား ၁၀၀၀ ကျော်တို့ ဦးဆောင်ပါဝင်ပြီး သံလွင်မြစ်ပေါ်မှာ ဆောက်လုပ်မယ့် ဟတ်ကြီးရေကာတာနေရာမှာ ရေကာတာစီမံကိန်းတွေကို ရပ်တန့်ပေးဖို့ တောင်းဆို

စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရရှိသရွေ့ ကရင်ပြည်နယ်အတွင်းနဲ့ ကရင်လူမျိုးတွေနေထိုင်တဲ့ဒေသတွေမှာ အကြီးစားရေကာတာ စီမံကိန်းတွေကို မလုပ်ကိုင်ဖို့ ကရင်မြစ်ချောင်းများကွန်ရက်က ကြေညာချက် ထုတ်ပြန် တောင်းဆိုပါတယ်။

ရေကာတာ စီမံကိန်းကြီးတွေ ဆောင်ရွက်ဖို့ နယ်မြေလုံခြုံရေး ဆောင်ရွက်လာတဲ့ အစိုးရစစ်တပ်နဲ့ နယ်ခံ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေပြန်လည် ဖြစ်ပွားလာတယ်လို့ ကရင်မြစ်ချောင်းများကွန်ရက်က ပြောပါတယ်။

ဒေသခံတွေဟာ ဒီဖြစ်စဉ်တွေကြောင့် နေရပ်ကို စွန့်ခွာထွက်ပြေးရပြီး၊ လူ့အခွင့်အရေးချိုးဖောက် ခံရတာတွေ၊ အသက်မွေးဝမ်းကြောင်း ထိခိုက်မှုတွေ ရှိနေတယ်လို့ ကရင်မြစ်ချောင်းများကွန်ရက်ရဲ့ တာဝန်ခံ ကိုစောသာဘိုးက ပြောပါတယ်။

နိုင်ငံတကာမြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှုနေ့ဖြစ်တဲ့ မတ်လ ၁၄ ရက်မှာ ကရင်မြစ်ချောင်းများကွန်ရက်နဲ့ ဒေသခံ ကရင်တိုင်းရင်းသား ၁၀၀၀ ကျော်တို့ ဦးဆောင်ပါဝင်ပြီး ကရင်ပြည်နယ်ရှိ သံလွင်မြစ်ပေါ်မှာ ဆောက်လုပ်မယ့် ဟတ်ကြီးရေကာတာနေရာမှာ နိုင်ငံတကာမြစ်ချောင်းများနေ့ အခမ်းအနားနဲ့ ရေကာတာ စီမံကိန်းတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

သံလွင်မြစ်ပေါ်မှာ အကြီးစား ရေအားလျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်တဲ့ ရေကာတာစီမံကိန်း ၁၄ ခု တည်ဆောက်ဖို့ လျာထားတယ်လို့ ကရင်မြစ်ချောင်းများကွန်ရက် (KRW) ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁ သောင်းခွဲ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ အဲဒီစီမံကိန်းတွေကို လွန်ခဲ့တဲ့ ၈ နှစ် လောက် ကတည်းက ထိုင်း၊ တရုတ်နဲ့ အစိုးရအကြား နားလည်မှု စာချွန်လွှာချုပ်ထားခဲ့တာ ဖြစ်ပါတယ်။