ကမန်တွေ ရန်ကုန် ရွှေ့တဲ့ကိစ္စ လွှတ်တော်မှာ ဆွေးနွေး

ဓာတ်ပုံ မူပိုင် U TUN WAI
Image caption ရန်ကုန်မြို့ကို ပြောင်းရွှေ့လာတဲ့ ကမန်မိသားစုတွေကို လူ့အခွင့်အရေး ကိုယ်စားလှယ် တွေ့ဆုံ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ဒုက္ခသည်စခန်းက ကမန် မိသားစု ၅၅ စုကို ရန်ကုန်မြို့ကို ပြောင်းရွှေ့ဖို့ အစိုးရက စီစဉ်ခဲ့တာနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ပေးဖို့ အဆိုပြုချက်တရပ် ပြည်သူ့လွှတ်တော်မှာ ပယ်ချခံခဲ့ ရပါတယ်။

မစ္စတာ ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်အရ ဆိုပြီး ရမ်းဗြဲမြို့ဒုက္ခသည်စခန်းက ကမန် မိသားစု ၅၅ စုကို ရန်ကုန်မြို့ကို ပြောင်းရွှေ့ဖို့ အစိုးရက စီစဉ်ခဲ့တာပါ။

ကော်မရှင်ရဲ့ အကြံပြုချက်ထဲမှာ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ ဒုက္ခသည်တွေကို မူလနေရာကို ပြန်ပို့ဖို့ အကြံပြု ထားတာ ဖြစ်ပေမယ့် အစိုးရက ရမ်းဗြဲမြို့ ဒုက္ခသည်စခန်းက ကမန် မိသားစု ၅၅ စုကို ရန်ကုန်မြို့ကို ပို့ခဲ့တာဟာ လွဲမှားတဲ့ ဆောင်ရွက်မှု ဖြစ်တယ် ဆိုပြီး ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမတ် ဦးမောင်မြင့်က ပြည်သူ့လွှတ်တော်မှာ အဆို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုကို ထောက်ခံတဲ့ အမတ်တွေကလည်း တခြား ဘာသာခြားတွေက ကမန်လူမျိုးတွေကို ခုတုံးလုပ် တိုင်းရင်းသား အမည်ခံပြီး ရန်ကုန်မြို့ကို ပြောင်းရွှေ့လာမှာကို စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။

ကမန် အမျိုးသား တိုးတက်ရေး ပါတီကတော့ ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာ အရပ်ရပ်မှာ ကမန် မျိုးနွယ်စု ဆက်စပ် ပါဝင်မှု မရှိခဲ့ကြောင်း၊ ရခိုင်ဒေသတွင်း ဥပဒေ စိုးမိုးမှု အားနည်းတဲ့အတွက် နေအိမ်တွေ တဖက်သတ် မီးရှို့ဖျက်ဆီး ခံခဲ့ရပြီး ရမ်းဗြဲမြို့ ဒုက္ခသည် စခန်းမှာ ၅ နှစ်ကြာ နေထိုင်ခဲ့ကြရတဲ့ အဲဒီ ကမန် မိသားစု ၅၅ စုကို ဆွေမျိုးတွေနဲ့ နီးစပ်ရာ ရန်ကုန်မြို့ကို အစိုးရက ပြောင်းရွှေ့ခွင့် ပြုခဲ့တာဟာ အသင့်တော်ဆုံးလို့ မှတ်ယူကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ယန်ဟီးလီး ရန်ကုန်ရောက်ကမန်တွေနဲ့ တွေ့

ကမန် လူမျိုးဟာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ အပါအ၀င် ဖြစ်ပြီး ကမန် တိုင်းရင်းသားတွေရဲ့ ပုံရိပ် မကျဆင်းအောင်နဲ့ တိုင်းရင်းသား မဟုတ်သူတွေက ကမန် တိုင်းရင်းသားတွေကို ခုတုံးလုပ် အသုံးချတာမျိုး မလုပ်နိုင်ဖို့ဟာ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီး ဌာနမှာလည်း အပြည့်အဝ တာဝန်ရှိတယ်လို့ ကမန် အမျိုးသား တိုးတက်ရေး ပါတီ ဗဟိုကော်မတီဝင် ဦးတင်ငွေက ဘီဘီစီ ကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ