မြန်မာ့စစ်အင်အား ကမ္ဘာ့အဆင့် ၃၁ ရှိ

ဓာတ်ပုံ မူပိုင် EPA
Image caption ဖေဖော်ဝါရီလက ပြုလုပ်ခဲ့တဲ့ ဆင်ဖြူရှင် စစ်ရေး လေ့ကျင့်မှု

ကမ္ဘာ့ပေါ်က နိုင်ငံအသီးသီးရဲ့ စစ်ရေး အင်အားအကြောင်း လေ့လာနေတဲ့ Global Fire Powerအဖွဲ့က ထုတ်ပြန်တဲ့ အညွှန်းကိန်းထဲမှာ မြန်မာနိုင်ငံရဲ့ စစ်ရေး အင်အားဟာ အဆင့် ၃၁ ရှိကြောင်း ထုတ်ပြန်ပါတယ်။

နိုင်ငံပေါင်း ၁၃၃ နိုင်ငံက စစ်ရေး အင်အား ညွှန်းကိန်းတွေကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး မြန်မာဟာ ဒေသတွင်းနိုင်ငံ အချို့ထက် စစ်ရေး အင်အားသာလွန်နေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဥရောပက နော်ဝေ၊ နယ်သာလန်၊ ရိုမေးနီးယားနိုင်ငံတွေရဲ့ အထက်မှာ ရှိနေသလို အာရှဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ထက် စစ်ရေး အင်အားသာလွန်တယ်လို့ Global Fire Power အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဆင်ဖြူရှင် စစ်ရေး လေ့ကျင်မှုတွင် တွေ့ရတဲ့ မြန်မာ ကွန်မင်ဒို

မြန်မာမှာ စစ်လေယာဉ် ၂၄၉ စီး၊ တင့်ကား ၅၉၂ စီးနဲ့ စစ်ရေယာဉ် ၁၅၅ စီး ရှိနေသလို ကာကွယ်ရေး အသုံးစရိတ်က အမေရိကန်ဒေါ်လာ ၂ ဘီလျံ အသုံးပြုထားတယ်လို့လည်း ပါရှိပါတယ်။

လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ စစ်ရေး တာဝန်ထမ်းဆောင်နိုင်သူ ၂၁ သန်း ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်ရေးအင်အားဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပုခုံးချင်း ယှဉ်နိုင်ပြီလို့ ဗိုလ်မှူးဟောင်း ဒေါက်တာ အောင်မျိုးက သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ ဆင်ဖြူရှင် စစ်ရေး လေ့ကျင့်မှု

၂၀၁၆ ခုနှစ်က ထုတ်ပြန်တဲ့ စစ်ရေးအင်အား အညွန်းကိန်းမှာတော့ မြန်မာက အဆင့် ၃၃ မှာရှိနေပါတယ်။

ဒီအဖွဲ့ထုတ်ပြန်တဲ့ ကမ္ဘာ့စစ်အင်အားအကြီးဆုံးကတော့ အမေရိကန်၊ ဒုတိယ ကတော့ ရုရှားနဲ့ တတိယကတော့ တရုတ်နိုင်ငံတွေက အသီးသီး ရပ်တည်နေ ပါတယ်။