ချင်း လူထုရေဒီယို လွှင့်တော့မယ်

ဓာတ်ပုံ မူပိုင် IMS-Fojo in Myanmar
Image caption ချင်းပြည်နယ်မှာ လူထုရေဒီယို ထုတ်လွှင့်တော့မည်

ကမ္ဘာမှာ လူသိများတဲ့ Community Radio လို့ လူသိများတဲ့ လူထုရေဒီယိုဟာ မြန်မာနိုင်ငံမှာ စတင် အကောင်အထည်ဖော်နေပါပြီ။

လူထုကို အခြေပြုတဲ့ ဒီလူထုရေဒီယိုကို ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်မှာ ခရေ FM ထန်းတပင်လူထုရေဒီယို ဆိုပြီး ၂၀၁၈ ခုနှစ်ဖေဖော်ဝါရီလက စပြီး ထုတ်လွှင့်နေခဲ့ပါတယ်။

သက်ဆိုင်ရာ လူထုရဲ့ နားလည်ရာ ဘာသာစကားနဲ့ ဒေသတွင်း ရေဒီယိုတွေဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နေရာဒေသတချို့အတွက် အသုံးဝင်တာကြောင့် အခုနောက်ပိုင်း မြန်မာပြည်မှာ လူအများက စိတ်ဝင်စားနေကြပါတယ်။

ချင်းပြည်နယ် မြောက်ပိုင်းက တီးတိန်လူထု ရေဒီယိုကိုလည်း မကြာခင်မှာ ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။

ဒေသစကားဖြစ်တဲ့ စီးယင်းဘာသာစကား၊ ဇိုစကား၊ တီးတိန်စကား အပြင် မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာ အစရှိတဲ့ ဘာသာစကား ငါးမျိုးနဲ့ ထုတ်လွှင့်သွားမယ်လို့ ဒီစီမံကိန်းမှာ ထောက်ပံ့ကူညီပေးနေတဲ့ IMS- Fojo Myanmar က တီးတိန် လူထုရေဒီယို ရှေ့ပြေးစီမံကိန်း ဆက်သွယ်ညှိနှိုင်းရေးမှူး မဒင်ဒင်က ဆိုပါတယ်။

လောလောဆယ်မှာ တီးတိန်ဒေသတွင်းက လူတွေကိုရည်ရွယ်ပြီး မိမိတို့ဒေသက သတင်းတွေကို ပိုမို နားထောင်ပြောဆိုလာနိုင်ဖို့နဲ့ ဒေသဖွံ့ဖြိုးဖို့ လိုအပ်တယ်လို့ ဆက်သွယ်ညှိနှိုင်းရေးမှူး မဒင်ဒင်က ဘီဘီစီကို ပြောပါတယ်။

တီးတိန်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ အရေးပေါ် ကျန်းမာရေး လူမှုရေး ရာသီဥတု အခြေအနေနဲ့ စိုက်ပျိုးနည်းပညာတွေအထိ ဒီရေဒီယိုကနေတဆင့် လူထုကို ထုတ်လွှင့်သွားဖို့ ရည်ရွယ်ပြီး ရရှိတဲ့ ရေဒီယိုမူကြမ်းရေးဆွဲပြီး ရေဒီယို ညီလာခံ ခေါ်ယူကာ ဖွဲ့စည်းပုံ အတည်ပြုသွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်တွေ လုပ်ပီးရင်တော့ ၂ဝ၁၈ ဇွန် ဇူလိုင်လောက်မှာတော့ တီးတိန်လူထု အခြေပြု ရေဒီယိုကို ထုတ်လွှင့်နိုင်ဖို့ ရည်မှန်းထားတယ်လို့ မဒင်ဒင်က ပြောပါတယ်။

ဒီ စီမံကိန်းကို ဒိန်းမတ်နိုင်ငံ အခြေစိုက် နိုင်ငံတကာ မီဒီယာဖွင့်ဖြိုးတိုးတက်ရေးနဲ့ ဆွီဒင်နိုင်ငံ အခြေစိုက် ဖိုကျိုမီဒီယာ အင်စတီကျုက တွဲပီး လုပ်ဆောင်တာဖြစ်ပါတယ်။

အခုလို ကွန်မြူနတီရေဒီယို တခုဖြစ်ဖို့ နည်းပညာပိုင်းနဲ့ လူထုအားလုံး ဒီရေဒီယိုလိုင်းကို ပိုင်ဆိုင်ဖို့ဆိုတဲ့ ဥပဒေရေးဆွဲတဲ့ အပိုင်းတွေအထိ IMS-Fojo myanmar က ၂၀၁၈ အကုန်အထိ ကူညီသွားမယ်လို့ program officer ကိုလက်ျာထွန်းက ဘီဘီစီကို ပြောပါတယ်။

ဆက်သွယ်ရေး မကောင်းမွန်သေးတဲ့ မြန်မာနိုင်ငံက နေရာဒေသတချို့အတွက်ကတော့ ဒေသတွင်းမီဒီယာတွေကနေ တဆင့် သတင်းတွေကို ဖလှယ်ရယူနေရသေးတယ်လို့ တိုင်းရင်းသား မီဒီယာမှာ လုပ်ကိုင်နေတဲ့ သတင်းသမားတွေက ပြောဆိုနေကြပါတယ်။

ဒါကြောင့် အခုလို ကွန်မြူနတီရေဒီယို အစီအစဉ် ပေါ်ပေါက်လာတာဟာ တိုင်းရင်းသား အသံလွှင့်ဌာနတွေ အတွက် ဖွံ့ဖြိုးတိုးတက်လာဖို့ အစပြုလိုက်တဲ့ အစီစဉ်တခုပဲဖြစ်ပါတယ်။