ပြည်ပ စွပ်စွဲချက်တွေ မဟုတ်ကြောင်း အလုပ်နဲ့ သက်သေပြမယ်

ဓာတ်ပုံ မူပိုင် EPA
Image caption ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး သွားသူတွေကို ပြန်လည် လက်ခံရေး အောင်မြင်အောင်ကြိုးစားနေတယ်လို့ဆို

ရခိုင်အရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အပေါ် စွပ်စွဲချက်တွေနဲ့ ဖိအားတွေ များလာနေတဲ့ အပေါ် မြန်မာ ဘက်က ကိုင်တွယ် တုံ့ပြန် ဆောင်ရွက် နေရာမှာ ချဉ်းကပ်ပုံ နည်းလမ်း ပြောင်းလာတာ တွေ့ရပါတယ်။

ဒီကြားထဲမှာပဲ ဖိအားတွေက လျော့ကျ မသွားသေးတဲ့ အတွက် မြန်မာအစိုးရ ဆောင်ရွက်နေတဲ့ အခြေအနေ တွေကို နိုင်ငံတကာက သိရှိအောင် အစိုးရပိုင်း အနေနဲ့ ရှင်းလင်း ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။

ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာနဲ့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ သွားရောက် ရှင်းလင်း ပြောခဲ့သူတွေထဲမှာ ပါဝင်တဲ့ ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာမှု အထောက်အပံ့ ပေးရေး၊ ပြန်လည် နေရာ ချထားရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်က ရခိုင် ပြည်နယ်မှာ မွတ်ဆလင်တွေကို လူမျိုးရေး ရှင်းလင်းမှု၊ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်တာ ရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို မဟုတ် မမှန်ကြောင်း ရှင်းပြခဲ့ ပါတယ်။

ဒါ့အပြင် နေရပ်စွန့် ထွက်သွားသူတွေကို ပြန်လည် လက်ခံရေး အတွက်လည်း ကြိုးစားနေတာ ကိုလည်း အဓိကထား ပြောခဲ့ပါတယ်။

ဘာလင်မှာ တွေ့ဆုံ ရှင်းပြခဲ့တဲ့ ပညာရှင်တွေ၊ မြန်မာ့အရေး စိတ်ဝင်စားသူတွေ ကတော့ ရှင်းပြချက် တွေကို လက်ခံတယ်လို့ ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။

မြန်မာ နိုင်ငံရဲ့ အခြေအနေကို ဘက်စုံ ထောင့်စုံက အချက်အလက်တွေ ကြည့်ပြီးမှသာ သုံးသပ် ဆုံးဖြတ် သင့်ကြောင်းနဲ့ အပြန်အလှန် တင်ပြချက် တွေကို နားထောင်ပြီးမှသာ အဖြေရှာနိုင်မှာ ဖြစ်ကြောင်း သူက ပြောဆိုပြီး ကိုယ့်နိုင်ငံရဲ့ အနေအထား အရ အကောင်းဆုံး ဖြစ်အောင် ရှင်းလင်း ပြောပြ ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ အစိုးရ အနေနဲ့ စွပ်စွဲ ပြောဆိုမှုတွေကို ပြန်လည် ဖြေရှင်းနေမယ့် အစား အလုပ်နဲ့ သက်သေပြဖို့ ကြိုးစားနေပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး သွားသူတွေကို ပြန်လည် လက်ခံရေး အဆင်ပြေ အောင်မြင်အောင် လုပ်နိုင်တဲ့ အခါမှာ လူတွေရဲ့ အမြင် အတွေးတွေ မှန်ကန် လာမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

ကုလ သမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရေး အပိုင်းကိုလည်း ဘက်က ငြင်းပယ်တဲ့ အနေအထား မရှိကြောင်းနဲ့ UNDP နဲ့ UNHCR အဖွဲ့အစည်းတွေ အနေနဲ့ သူတို့ ရဲ့ နိုင်ငံတကာ အတွေ့အကြုံတွေ အရ ဘယ်လို နည်းနဲ့ ပါဝင်ကူညီချင်တယ်ဆိုတာ မေးထားပြီး မြန်မာ ဘက်က သက်ဆိုင်ရာ ဌာန တွေနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ