အီးယူရဲ့ ရှူးမန်းဆု ၂ဝ၁၈ အတွက် ပေးအပ်

ဓာတ်ပုံ မူပိုင် EU IN MYANMAR
Image caption တန်းတူညီမျှရေး အခြေခံမူတွေနဲ့ ရှူးမန်းဆုတွေပေး

မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ကနေ အခု ၂ဝ၁၈ ခုနှစ် အတွက် ပေးတဲ့ လူ့အခွင့်အရေး ဆိုင်ရာ ရှူးမန်း ဆုတွေကို ကျားမ တန်းတူရေး အတွက် လုပ်ဆောင်သူ ချင်းတိုင်းရင်းသူ ချယ်ရီ ဇာဟောင်၊ စာနယ်ဇင်းသမား ကိုဆွေဝင်းနဲ့ မွန်ပြည်နယ်က အမျိုးသမီး အခွင့်အရေး ကာကွယ်သူ ဒေါ်ခင်သန်းထွေးတို့ ရရှိ သွားပါတယ်။

အစိုးရတွေ အနေနဲ့ တာဝန်ခံမှု ရှိလာအောင် နာမယ့် နေရာကို လက်ညှိုးထိုးဝံ့တဲ့ သတ္တိမျိုးတွေ လိုအပ်တယ် ဆိုပြီး အီးယူ သံအမတ် ခရစ္စတိန်း ရှမစ်က ဆုပေးပွဲမှာ ပြောခဲ့ပါတယ်။

အဲဒီပွဲမှာပဲ သံအမတ် မစ္စတာ ရှမစ်က မြန်မာ အစိုးရရဲ့ ဖမ်းဆီး တရားစွဲထားတာ ခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ရည်ညွှန်းပြီး၊ သတင်းထောက်တွေ အကျဉ်းခန်းထဲ တစ်ရက်ထပ် နေရတာနဲ့ အမျှ ဒီမိုကရေစီ ကျဆုံးလျက် ရှိတယ် ဆိုပြီး တော့လည်း ပြောခဲ့ပါတယ်။

Image caption ဒီမိုကရေစီ ကျဆုံးလျက် ရှိ

စာနယ်ဇင်းသမားတွေ ဖမ်းဆီး ခံရတာ အပါအဝင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အခြေအနေဟာ မြန်မာနိုင်ငံထဲ ၂ဝ၁၆ နောက်ပိုင်း ပိုဆိုး လာနေတယ် ဆိုပြီး ၂ဝ၁၈ ရှူးမန်း ဆုရှင် တစ်ဦး ဖြစ်တဲ့ ချယ်ရီ ဇာဟောင်းက ဘီဘီစီကို ပြောပါတယ်။

ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ တန်းတူညီမျှရေး အခြေခံမူတွေနဲ့ ရှူးမန်းဆုတွေကို မြန်မာ နိုင်ငံထဲ ပြီးခဲ့တဲ့နှစ်က စပြီး ပေးအပ် လာတာ ဖြစ်ပါတယ်။

အဲဒီ နှစ် ဆုရှင်တွေထဲ လုပ်ကြံ သတ်ဖြတ် ခံထားရတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီလည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။

အီးယူ ဖွဲ့စည်းရာမှာ ပံ့ပိုးပေးခဲ့တဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဟောင်း အနာဂတ် တွေးခေါ် မြော်မြင်ရေးသမား ရောဘတ်ရှူးမန်ကို ဂုဏ်ပြုပြီး ဒီဆုရဲ့ နာမည်ကို ပေးထားတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ