ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်တွေ အရေးပေါ်အစည်းအဝေးလုပ်

ဓာတ်ပုံ မူပိုင် Kawthoolei Today
Image caption တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေတဲ့ ကရင်ပြည်သူတွေ

ကေအန်ယူစစ်ဦးချုပ်အပါအဝင် စစ်ရေးနဲ့ နိုင်ငံရေး ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေပါဝင်တဲ့ အရေးပေါ် အစည်းအဝေးတခုကို မတ်လ ၁၅ ရက်နေ့က ကရင်အမျိုးအသားအစည်းအရုံး ဗဟိုဌာနချုပ်မှာ လုပ်ခဲ့ပါတယ်။

အစိုးရတပ်က ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ မူတြော်ခရိုင် ခေးပူရွာနဲ့ လယ်မူပလော ရွာအနားမှာ ကားလမ်းဖောက်ဖို့အတွက် အင်အားတိုးချဲ့လာတာကြောင့် ကေအန်ယူတပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး တင်းမာမှုဖြစ်ပေါ်နေတဲ့ အတွက် တပ်မတော်နဲ့ ပြေလည်အောင်ညှိနှိုင်းဖို့ အရေးပေါ် အစည်းအဝေးကိုလုပ်ခဲ့တာလို့သိရပါတယ်။

အစည်းအဝေးအပြီးမှာတော့ လက်ရှိအစိုးရတပ်ရဲ့လှုပ်ရှားမှုဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချိုးဖောက်ရာရောက်တယ်လို့ ကေအန်ယူဘက်ကက သတင်းထုတ်ပြန်ထားပါတယ်။

ယုံကြည်မှုတည်ဆောက်ဖို့လိုအပ်နေချိန်မှာ တပ်မတော်က အခုလိုလှုပ်ရှားမှုလုပ်လာတာဟာ နှစ်ဖက် လက်ခံထားတဲ့ အန်စီအေရဲ့တန်ဖိုးနဲ့ဆန့်ကျင်ပြီး အန်စီအေ သဘောတူညီချက်များကို ချိုးဖောက်နေတယ် လို့ ကေအန်ယူကဆိုပါတယ်။

တပ်မတော်နဲ့ ကေအန်ယူတပ်မဟာ ၅ တပ်ဖွဲ့တွေအကြား မတ်လအစောပိုင်းကတည်းက စစ်ရေး တင်းမာ မှုရှိပြီး တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ အရပ်သားတွေနေ ထိုင်တဲ့ရွာအနားထိ တပ်မတော်က အင်အားအလုံး အရင်း ဝင်လာပြီး လမ်းအတွက် လုံခြုံရေးယူထားတာကြောင့် ဒေသခံရွာသား ၂၀၀၀ လောက် တောထဲမှာ ထွက်ပြေး ပုန်းရှောင်နေရပါတယ်။ ကလေးနဲ့ သက်ကြီးရွယ်အိုတွေပါနေတာကြောင့် ရေရှည်မှာဆေးဝါးနဲ့ စားနပ်ရိက္ခာအတွက်စိုးရိမ်နေရတယ်လို့ ရှေ့တန်းက ကေအန်ယူ တပ်ဖွဲ့ကပြောပါ တယ်။

တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ယုံကြည်မှုတည်ဆောက်ရေးကို လက်တွေ့ပြသတဲ့အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းပြီး လမ်းဖောက်လုပ်ရေးအတွက် လုံခြုံရေးယူပေးဖို့ စေလွှတ်ထားတဲ့ အစိုးရတပ်ရင်းတွေကို ပြန်ရုပ်သိမ်းဖို့ ကေအန်ယူကတောင်းဆိုထားပါတယ်။

တောင်းဆိုချက်ထဲမှာ စစ်ဘေးရှောင် ကရင်အရပ်သားပြည်သူတွေ နေရပ်ပြန်နေနိုင်ဖို့ လုံခြုံရေးအာမခံချက် ပေးဖို့လည်း ပါပါတယ်။

ဒါ့အပြင် အန်စီအေမှာ အသိသက်သေအဖြစ် လက်မှတ်ထိုးထားတဲ့နိုင်ငံတကာက ကိုယ်စားလှယ်တွေ အပါအဝင် ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းတွေလည်း စစ်ဘေးရှောင် ကရင်ရွာသားများကို လူသားခြင်း စာနာထောက်ထားတဲ့ အကူအညီတွေပေးဖို့ ကေအန်ယူက တောင်းဆိုပါတယ်။

အစိုးရတပ်သားတွေကို ရွာကနေဆုတ်ခွာပေးဖို့ နယ်မြေခံကေအန်ယူတပ်ဖွဲ့က တောင်းဆိုထားပေမဲ့ ပြန်မဆုတ်ပေးတဲ့အပြင် နောက်ထပ်တပ်အင်အားတွေ တိုးချဲ့လာတဲ့အတွက် ကားလမ်းကိုမဖြစ်ဖြစ်အောင် ဖောက်မယ့်အစီအစဉ်ရှိနိုင်တယ်လို့ ကေအန်ယူက ပြောပါတယ်။

တောင်းဆိုမှုတွေ အစိုးရတပ်က မလိုက်လျောပေးရင် ဖြစ်သင့်တဲ့နည်းနဲ့ ကိုင်တွယ်ဖြေရှင်းမယ်လို့ ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

ကေအန်ယူဟာ ၂၀၁၂ မှာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ မှာလည်း အန်စီအေ ကို ထပ်မံလက်မှတ်ရေးထိုးခဲ့ပါတယ်။ အခုတပ်မတော်ဖောက်မယ့်ကားလမ်းဟာ စစ်ဆင်ရေးလမ်းကြောင်းကို အထောက်အကူပြုနိုင်တဲ့အတွက် ကေအန်ယူဘက်က ခွင့်မပြုနိုင်ဘူးလို့ ပြောဆိုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ