ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျ ခရီးစဉ်မှာ ဘာတွေဆွေးနွေးမလဲ

ဓာတ်ပုံ မူပိုင် Ministry of Foreign Affairs Myanmar Facebook
Image caption သြစတြေးလျနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်ရေးလည်း ဆွေးနွေးမယ်

သြစတြေးလျ အာဆီယံ အထူး ထိပ်သီးဆွေးနွေးပွဲ တက်ဖို့နဲ့ သြစတြေးလျ မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ မတ်လ ၁၆ ရက်နေ့က သြစတြေးလျနိုင်ငံကို ထွက်ခွာသွား ပါတယ်။

ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်မှာ အာဆီယံနိုင်ငံ တွေနဲ့ သြစတြေးလျ ကြားမှာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံနဲ့ သြစတြေးလျ ဆွေးနွေးဖက် ဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဖြစ်တဲ့ အတွက် အာဆီယံ အဖွဲ့ဝင်တွေ ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က စတင် ဆွေးနွေးဖို့ လျာထား တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

ထိပ်သီး ဆွေးနွေးပွဲမှာ အာဆီယံ နိုင်ငံတွေနဲ့ သြစတြေးလျကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကဏ္ဍသစ်တွေ ပါဝင်တဲ့ အချက် ၁၄ ချက်ကို သြစတြေးလျ ဝန်ကြီးချုပ်က အဆိုပြု တင်ပြ သွားမယ်လို့ လည်း သူက ပြောပါတယ်။

ဒါ့အပြင် ထိပ်သီးဆွေးနွေးပွဲ အပြီးမှာ အာဆီယံ နဲ့ သြစတြေးလျ နှစ်ဘက် ဆက်ဆံရေး တိုးမြှင့်သွားမယ့် ဆစ်ဒနီ ကြေညာစာတမ်း ထုတ်ပြန် သွားမယ့် အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာလည်း လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

ထိပ်သီးဆွေးနွေးပွဲ အပြီးမှာ နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ဒေါ်အောင်ဆန်း စုကြည်က Canberra မြို့တော်ကို သွားရောက်ပြီး လူ့စွမ်းအား အရင်းအမြစ် တိုးမြှင့်ရေး၊ ပညာရေး ကျန်းမာရေး၊ လူမှုရေး ကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ သြစတြေးလျဘက်က ကမ်းလှမ်း ထားတဲ့ စီမံချက် တွေကိစ္စကို ဆွေးနွေးသွားမယ်လို့ ဦးမြင့်သူက ပြောပါတယ်။

ရခိုင်အရေး နဲ့ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီတွေကို သြစတြေးလျက ပေးနေကြောင်းလည်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် နဲ့ အတူ အပြည်ပြည်ဆိုင်ရာ ပူးပါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်၊ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဦးသောင်းထွန်းတို့ လိုက်ပါ သွားပါတယ်။

စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲ တက်ရောက်ဖို့ မြန်မာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ကိုလည်း သြစတြေးလျနိုင်ငံက ဖိတ်ထား ပါတယ်။

ဆက်စပ် အကြောင်းအရာများ